No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

တောင်ဥက္ကလာမြို့နယ်ရှိ ကျောင်းသား လူငယ်တစ်ဦး ဓါတ်လိုက် သေဆုံးရခြင်း ကိစ္စ

တောင်ဥက္ကလာမြို့နယ်ရှိ ကျောင်းသား လူငယ်တစ်ဦး ဓါတ်လိုက် သေဆုံးရခြင်း ကိစ္စ
16 Jul

တောင်ဥက္ကလာမြို့နယ်ရှိ ကျောင်းသား လူငယ်တစ်ဦး ဓါတ်လိုက် သေဆုံးရခြင်း ကိစ္စ

တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် နှိုးဆော်ပန်ကြားကြေငြာခြင်း ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၆ရက်၊ စာအမှတ်၂/ ၂၀၁၈
ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်း

“ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁ ပိုဒ်ခွဲ(ဂ) အရ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံသားတိုင်း တာဝန်ရှိမှုကို နှိုးဆော်ကြေငြာခြင်းနှင့် ထိုတာဝန်ရှိမှုကို အကောင်အထည်ဖော် ပူပေါင်းဆောင်ရွက်နိုင်ပါရန်အတွက် အောက်ပါအတိုင်း ပန်ကြားနှိုးဆော်အပ်ပါသည်။”

၁။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် မောင်မျိုးမင်းထွန်း(ခ)ပေါက်စို့သည် ကျောင်းမှ နေထိုင်ရာအိမ်သို့ အပြန်လမ်းတွင် ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ ထို့အတွက် ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ များစွာဝမ်းနည်းကြေကွဲရပါသည်။ နိုင်ငံအတွင်း စောင့်ရှောက် မွေးမြူအပ်သော အနာဂါတ် သားကောင်းရတနာတပါး ဆုံးရှုံးရခြင်းအပေါ် များစွာယူကြုံးမရလည်း ဖြစ်မိပါသည်။ နစ်နာဆုံးရှုံးရမှုသည် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှပင်ဖြစ်ကြောင်း လေးနက်စွာ ဖေါ်ပြလိုပါသည်။

၂။ တဦးချင်းအပေါ်၌ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းတခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဘေးအန္တရာယ် ကျရောက်လာနိုင်ပါလျှင် (အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ) သက်ဆိုင်ရာ အာဏာပိုင်များမှ အချိန်နှင့်တပြေးညီ ကြိုတင်သတိပေး၊ ကာကွယ်၊ စောင့်ရှောက်၊ ကယ်တင်နိုင်ရေးအတွက် ကြိုးစား အားထုတ်ရန် လိုအပ်ပါကြောင်း သတိချပ်စေလိုပါသည်။

၃။ ဘေးအန္တရာယ်အပေါ် ကြိုတင်ကာကွယ်နိုင်ရန် ကြိုးပမ်းခြင်း၊ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း၊ ကယ်ဆယ်ခြင်းတို့ကင်းမဲ့ဲခဲ့ခြင်း၊ နည်းပါးခဲ့ခြင်းအပေါ်၌လည်း သက်ဆိုင်ရာ တာဝန်ရှိဝန်ကြီးဌာနများအနေဖြင့် ဥပဒေအရ အပ်နှင်းထားသော အာဏာကို ထိရောက်စွာ ကျင့်သုံးရန် ပျက်ကွက်မှုအဖြစ် တရားဥပဒေရှု့ထောင့်မှ ရှုမြင်သုံးသပ်ပါသည်။ သို့အတွက် ဤဖြစ်စဉ်မှ ပျက်ကွက်မှုသည် အများပြည်သူအတွက် တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံသားတိုင်း ဥပဒေအရပင် တာဝန်ရှိကြောင်း ကြေငြာအသိပေးအပ်ပါသည်။

၄။ ကျွန်တော်များ ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ ဤဖြစ်စဉ်၏ နစ်နာမှု ဆုံးရှုံးမှုများအတွက် မျှတညီညွတ်မှုရှိစွာ ဥပဒေနှင့်အညီ ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

၅။ သို့ပါ၍ ကျွန်တော်များ ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံသားတိုင်း တာဝန်ရှိမှုနှင့် ထပ်တူတာဝန်ရှိသည်ဟု ခံယူပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တာဝန်ခံမှု၊ တာဝန်ယူမှုရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို လိုလားသူ မိဘ ပြည်သူများ၊ တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများနှင့် ဤဖြစ်စဉ်ဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ သိသူသက်သေခံနိုင်မည့်သူများအနေဖြင့် ကျွန်တော်များ ဥပဒေအတိုင်ပင်ခံရုံးသို့ အောက်ပါ လိပ်စာအတိုင်း ကြွရောက်ဆွေးနွေး ပူးပေါင်းဆောင်ရွက်နိုင်ပါရန် နှိုးဆော်ပန်ကြားအပ်ပါသည်။

ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူ
LL.M in International Trade and Commercial Law
University of Essex, UK ( Candidate)
အထက်တန်းရှေ့နေ နှင့် ဥပဒေအတိုင်ပင်ခံ

Phoe Phyu & Associates Law Firm
ဥပဒေအတိုင်ပင်ခံရုံး - အမှတ် ၁၃၁/၁၃၃၊ ၃လွှာ၊ ဗိုလ်တထောင်ဘုရားလမ်းမကြီး၊
၅ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉၉၆၀၂၇၈၁၀၀၊ ၀၉၂၅၄၀၅၁၇၁၉
info@uphoephyu.com
https://www.uphoephyu.com

Photo Credit - http://www.7daydaily.com