No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

စီးပွားယှဉ်ပြိုင်ခြင်းရှေ့နေဆိုတာ

စီးပွားယှဉ်ပြိုင်ခြင်းရှေ့နေဆိုတာ
23 Sep

စီးပွားယှဉ်ပြိုင်ခြင်းရှေ့နေဆိုတာ

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာရော၊ ဒေသတွင်း ကုန်သွယ်မှုမှာရော၊ ပြည်တွင်းရောင်းဝယ် ဖောက်ကား ကိစ္စတွေမှာပါ လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ခွင့်ဆိုတာ ကုန်သည်တွေ အသည်းအသန် မက်မောနေကြရတဲ့ အခွင့်အရေးတစ်ခုပါ။ အဲ့လို လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ခွင့်ရတယ်/ မရဘူးဆိုတာ ဈေးကွက်လက်ဝါးကြီး အုပ်ခံရတယ်/ မခံရဘူး ဆိုတာနဲ့ တိုင်းတာရပါတယ်။ အဲ့တော့ ဈေးကွက်လက်ဝါး ကြီးအုပ်မှုကို ဥပဒေနဲ့ ကာကွယ်ဖို့၊ အရေးယူဖို့၊ ကြိုတင်ပြင်ဆင်ဖို့အတွက် ရှေ့နေတွေ ခေါ်ကြတော့တာ ပါပဲ။ အဲ့ဒီ့အလုပ်ကိုလုပ် မယ့် ရှေ့နေမျိုးဆို ယှဉ်ပြိုင်မှုကို အကျိုးပြုမယ့် ရှေ့နေ၊ တစ်နည်း ယှဉ်ပြိုင်ခြင်း ရှေ့နေ (competition lawyer) အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ အရင်အခေါက်က Competition Law အကြောင်း ဆွေးနွေးခဲ့သလို၊ အခုတစ်ကြိမ်မှာတော့ ကိုယ့်ရဲ့ယှဉ်ပြိုင်ခြင်းလုပ်ငန်းစဉ်ကို အကျိုးပြုမယ့် ရှေ့နေကလည်း ဘယ်လို အနေအထားရှိသင့်လဲဆိုတာနဲ့ တခြားဗဟုသုတရဖွယ်ရာတွေကိုပါ မိတ်ဆွေတို့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

စိတ်ချယုံကြည်ရတဲ့ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်သော ရှေ့နေတစ်ယောက် ဖြစ်လာစေဖို့ အချက်(၄)ချက်
(4 Qualifications of a Business Competition Lawyer)

ပထမအချက် - ပြင်းထန်သော အားထုတ်မှု (မိမိကိုယ်ကို ကတိပေးပြီး မရရအောင် လုပ်မည်ဆိုသောစိတ်)

စီးပွားယှဉ်ပြိုင်ခြင်းကို အကျိုးပြုမယ့် ရှေ့နေတစ်ယောက် ဖြစ်ဖို့ရန် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ပြင်းထန်တဲ့အားထုတ်မှုလိုပါတယ်။ အရင်ဆုံးရွေးချယ်မှု အပေါ် စိတ်ရော ကိုယ်ရော နစ်မြှုပ်ထားပြီး မဖြစ်မနေ အားထုတ်မှု လိုအပ်ပါတယ်။ ဒါဟာ အပြတ်မိုက်တယ် လို့ ခံစားရဖို့ မဟုတ်ပါဘူး။ ယှဉ်ပြိုင်နိုင်သော ရှေ့နေတစ်ယောက် မွေးဖွားလာဖို့ မဆုတ်မနစ် အားထုတ်မှု တွေနဲ့ တာဝန်ဝတ္တရားတွေ လိုအပ်ပါတယ်။

ဒီလိုရှုပ်ထွေးတဲ့ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်း ကာကွယ်ပေးရတဲ့ ရှေ့နေဆိုတာ ပရော်ဖက်ရှင်နယ်ဆန်မှဖြစ်မှာပါ။ ပရော်ဖက်ရှင်နယ်ဆိုလို့ ဒီပလိုမာတွေ၊ ဘွဲ့တွေ၊ မဟာ ဘွဲ့တွေ တန်းစီကိုင်ထားတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်တာဝန်ကို ကျွမ်းကျင်မှုရှိရှိ၊ ယုံကြည်မှု ရှိရှိနဲ့ စိတ်ရောကိုယ်ပါလုပ်ဆောင်နိုင်တာကို ဆိုလိုတာပါ။ လုပ်ငန်းချင်း ယှဉ်ပြိုင်ဖို့အတွက် ရှေ့နေတစ် ယောက် ငှားလိုက်ကာမှ ရှေ့နေကိုယ်တိုင်ကိုက ယှဉ်ပြိုင်မှုကို အထောက်အကူဖြစ်စေတဲ့ ယုံကြည်မှု မရှိရင် အလကားပါပဲ။ မပျင်းမရိဘဲ အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်တာမျိုး လိုအပ်ပါ တယ်။ အမှားနည်းနည်းနဲ့ အောင်မြင်မှုကို ကိုယ့်ဆီ မြန်မြန်ရောက်လာစေတဲ့ အရည်အချင်းမျိုး လိုအပ်ပါတယ်။

ဒုတိယအချက် - မကြာခဏ ခေတ်နဲ့အညီ မွမ်းမံနေခြင်း

ပုံမှန် ရှေ့နေတွေနဲ့ နယ်ပယ်တစ်ခုရဲ့ကျွမ်းကျင်ရှေ့နေတွေအကြား ကွာခြားချက်က လုံ့လ ဝီရိယ စိုက်ပြီး အသစ်အသစ်တွေကို လေ့လာနေခြင်းပဲ ဖြစ်ပါတယ်။ ပျင်းရိလွယ်သူတွေအတွက်တော့ စိန်ခေါ်မှု တွေကို တွေ့ရင် နောက်ဆုတ်သွားမှာပါပဲ။ ဒါပေမယ့် ယှဉ်ပြိုင်မှုများလှတဲ့ ဥပဒေရေးရာနဲ့ပတ်သက်ပြီး တိုးတက်ချင်ရင်တော့ အချို့ အသစ်တွေကို သိဖို့ လိုပြီး ကြိုးစားမှု လိုအပ်ပါတယ်။

အဲဒီတော့ ရှေ့နေတစ်ယောက်က အသစ်သစ်တွေကို လေ့လာပြီး ခေတ်နဲ့အညီ မွမ်းမံနေသင့်ပါ တယ်။ ဒါတွေကိုလုပ်ဖို့ တစ်ခါတစ်လေ ပျင်းဖို့ ကောင်းပါလိမ့်မယ်။ အလုပ်တွေ ရှုပ်ပါတယ်ဆိုမှ အသစ်တွေ ကိုလည်း လေ့လာဖို့၊ အာရုံစိုက်ဖို့လိုပါတယ်။ အဲဒါကပဲ ယှဉ်ပြိုင်ခြင်း အစစ်အမှန် ရှေ့နေဖြစ်စေတဲ့ အချက်ပါ။ အဲဒါကြောင့် ရှေ့နေတစ်ယောက်ဟာ သူ့အလုပ်ကိုလည်း လုပ်ရပါမယ်။ တိုးတက်မှုတွေကိုလည်း မျက်ခြေပြတ်မခံဘဲ လေ့လာနေရပါမယ်။

မတရားစီးပွားယှဉ်ပြိုင်မှုနဲ့ မတရား လက်ဝါးကြီးအုပ်ချုပ်မှုကို တွန်းလှန်ကာကွယ်မယ့် competition lawyer ဆိုတာ သတင်းအချက်အလက်တွေကို စုဆောင်းယူရပါတယ်။ သရုပ်ခွဲနေရပါတယ်။ အမြဲလေ့လာ နေရပါတယ်။ သို့သော် အချက်အလက် အမြောက်အမြား ထောက်ပံ့မှုတွေ ရှိလင့်ကစား မိမိကိုယ်ကိုအဆင့်မြင့်အောင်လုပ်ရမှာတော့ မိတ်ဆွေကိုယ်တိုင်ပါပဲ။

ဒီကနေ့ ခေတ်ကြီးရဲ့ ပြောင်းလဲတိုးတက်နှုန်းက လိုက်မမီလောက်အောင်ကို မြန်ဆန်တဲ့အပြင် ဥပဒေအသစ်တွေကလည်း ခေတ်အပေါ်မူတည်ပြီး မြန်မြန်ဆန်ဆန် ထွက်ပေါ်နေတာကလည်း လေ့လာရ မယ့်ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာစိန်ခေါ်ရမယ့် အကြောင်းတစ်ခုပါပဲ။ ဒီလို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ အသစ် အသစ်ဆိုတဲ့ အရာတွေကို မျက်ခြေမပြတ် လေ့လာနေတဲ့ ရှေ့နေကို ရရှိထားခြင်းက ကံတရားကို ကြိုမြင်ရတဲ့ စွမ်းအားတစ်ခုလို ဖြစ်စေပါလိမ့်မယ်။ အပြောင်းအလဲတိုင်းကို လိုက်မမီရင်တောင် နောက်ကျမနေဖို့ တော့လိုအပ်ပါတယ်။

တတိယအချက် - စည်းကမ်းရှိခြင်း

အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာဖို့ အခြေခံအုတ်မြစ်တွေထဲမှာ တစ်ခုကတော့ စည်းစနစ် တကျနေထိုင်ခြင်းပါပဲ။ အထူးသဖြင့် အချိန်ကိုစည်းကမ်းရှိရှိသုံးခြင်းပါ။ သီအိုရီသဘောအရတော့ စည်းကမ်း ရှိပါ။ အထူးသဖြင့် အချိန်စည်းကမ်းရှိပါ။ ဒါကြောင့် အချိန်ကို ပါးနပ်စွာသုံးပါ။ ဘာလို့လဲဆိုတော့ ကျွနု်ပ်တို့ က အချိန်နဲ့ အလုပ် လုပ်နေရပြီး အချိန် ကို ရှာဖွေ နေရတာပါ။ နောက်တစ်ခုကတော့ competition lawyer ဆိုတာ တိကျပြတ်သားပြီး စည်းစနစ်ရှိတဲ့သူပါပဲ။ ဒီ အချက်က လူတိုင်းမလုပ်နိုင်တဲ့အရာပါ။ ဥပဒေဆိုတာကလည်း ဒီအချက်ကိုအခြေခံထားတာမို့လို့ ဒီဥပဒေ နယ်ပယ်ထဲမှာ အရည်အချင်းပြည့်မီတဲ့ရှေ့နေဖြစ်ဖို့ဆိုရင် တိကျပြတ်သားပြီး စည်းစနစ်နဲ့ လုပ်ဆောင်နိုင်ဖို့က အခရာပါပဲ။

ဟုတ်လား၊ မလုပ်လားဆိုတာ မသေချာ၊ စည်းစနစ် သတ်သတ်မှတ်မှတ်မရှိပဲ အလုပ်လုပ်တာက ပျက်သုဉ်းခြင်းရဲ့အစပဲတဲ့ (အမေရိကန်သမ္မတဟောင်း အီဗရာဟန်လင်ကွန်းရဲ့ မိန့်ခွန်းထဲကဖြစ်ပါတယ်)။

စတုထ္ထအချက် - social skills တစ်နည်း လူမှုဆက်ဆံရေး skill

ဒါက နည်းပညာနဲ့ မဆိုင်ပါဘူး။ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံခြင်းပါ။ လူတွေရဲ့ အတတ်ပညာ skills တွေဆိုတာ တစ်ချိန်ချိန်မှာ သင်ယူတက်မြောက်နိုင်ပါတယ်။ social skills တွေကတော့ အရမ်းကို အထောက်အကူ ဖြစ်ပါတယ်။

Communication Skill ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး နေရာမှာလည်း ပေါင်းသင်းတတ်တဲ့ အရည်အသွေး ရှိထားဖို့ လိုပါလိမ့်မယ်။ ဒါကတော့ Competition Lawyer မှ မဟုတ်ပါဘူး။ ဘယ်ရှေ့နေ ပဲဖြစ်ဖြစ် ရှိသင့်တယ်၊ ရှိရမယ့် အရည်အချင်းပါ။ ကိုယ့်ကိုလုပ်ငန်းအပ်သူ၊ အမှုသည်နဲ့ လုပ်ငန်းအပ်သူကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကြုံရမယ့် ပြဿနာတွေအတွက် Communication Skill က အထောက်အပံ့ ဖြစ်စေမှာ အမှန်ပါပဲ။ စာရေးကောင်းသူ၊ စကားပြောကောင်းတဲ့သူကို လူတိုင်း သဘောကျကြသလို competition lawyer အလုပ်လုပ်နေတဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း ဆန်းသစ်တာ ငြင်းမရပါဘူး။

ဈေးကွက်စီးပွားရေးယှဉ်ပြိုင်မှုဆိုတာ နိုင်ငံအတွက်လည်း အကျိုးဖြစ်စေတဲ့အပြင်၊ ငွေကြေးဖောင်းပွ မှုနဲ့လည်း ဆက်စပ်နေပါတယ်။ နောက်ပြီး ယှဉ်ပြိုင်မှုဆိုတာ သူ့ထက်ငါ ပိုကောင်းအောင် လုပ်ဆောင်ရတာ မို့လို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုရင် အရည်အသွေး ပိုကောင်းအောင်၊ ဝန်ဆောင်မှုလုပ်ငန်းဆိုရင်လည်း Customer ကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးရတာကြောင့် ပိုတိုးတက်လာနိုင်တယ်လို့ ပြောရလိမ့်မယ်။

ဒီလိုမှမဟုတ်ပဲ တစ်ဦးတစ်ယောက်က၊ အဖွဲ့အစည်းတစ်ခုက ဈေးကွက်ကို အပိုင်စီးဖို့ ရည်ရွယ်ချက်နဲ့ တင်ဒါ သို့မဟုတ် လေလံဆွဲရာမှာ ညှိနှိုင်းသတ်မှတ်တာတွေ၊ တခြားစီပွားရေးလုပ်ကိုင်သူ တွေ ဈေးကွက်မှာနေရာမရအောင် ဈေးကွက်ဝေစုကို ထိန်းချုပ်တာ ကန့်သတ်လိုက်တာ၊ စားသုံးသူတွေ ရသင့်တဲ့ အခွင့်အရေးတွေကို တိုက်ရိုက်၊ သွယ်ဝိုက်ပြီး ကန့်သတ်ပိတ်ပင်တာ၊ သြဇာအာဏာကို သုံးပြီး ဈေးကွက်ကိုသိမ်းပိုက်တာ၊ ဈေးကွက်ကိုလွှမ်းမိုးနိုင်တာကိုအသုံးချပြီး ဈေးကစားတာ စတဲ့ ဈေးကွက်စီးပွားရေးမှာ အောင်မြင်ရုံ သက်သက်မဟုတ်ဘဲ၊ လက်ဝါးကြီးအုပ်မယ့်ရန်က ကာကွယ်နိုင်တာကို ပြောပါဆိုရင် ဥပဒေပဲရှိပါတယ်။ အကောင်သာသေးမယ် ဒါပေမယ့် အဆိပ်ပြင်းတယ် ဆိုတဲ့စကားက လူတိုင်း မပြောနိုင်ပါဘူး ။ ထိုက်တန်တဲ့နေရာရဖို့ မှန်ကန်တဲ့လုပ်ဆောင်မှုဆိုတာ ကိုယ့်ရဲ့ခြေလှမ်းတွေပဲဖြစ်ရပါမယ်။

စီးပွားရေး လက်ဝါးကြီးအုပ်တာနဲ့ပတ်သတ်လို့ ကမ္ဘာကျော်စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆာရစ်ချက် ဘရစ်စင်နဲ့ သူ့ရှေ့နေ ဂျော့ကားမင်းတို့ရဲ့ ခုခံကာကွယ်အနိုင်ယူခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို တင်ပြ လိုက်ပါတယ်။ အဲ့ဒါကတော့ Virgin Airway နဲ့ British Airway တို့ကြားက ယှဉ်ပြိုင်မှုပြဿနာပဲ ဖြစ်ပါတယ်။
Virgin Atlantis Airways Case

Virgin Atlantic ဆိုပြီး မဖြစ်ခင်တုန်းကတော့ virgin ဆိုတဲ့ အပျိုစင်လုပ်ငန်းဟာ လေကြောင်းနဲ့ လားလားမှမဆိုင်တဲ့ တေးသံသွင်းကုမ္ပဏီတစ်ခုအနေနဲ့ပဲရှိခဲ့တယ်။ ၁၉၈၄ခုနှစ်၊ ဖေဖော်ဝါရီလမှာ အင်္ဂလန် နိုင်ငံ၊ ဂတ်ဝစ်မြို့နဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ပြေးဆွဲမယ့် လေကြောင်းတစ်ခုမှာ အရင်းအနှီး ထည့်ပြီး ဦးဆောင်ပေးဖို့ ကမ်းလှမ်းလာတဲ့ လူငယ်ရှေ့နေလေးကြောင့် ရစ်ချက်လည်း စွန့်စားကြည့်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။ တကယ်ဆို ရစ်ချက်အနေနဲ့ လေကြောင်းပိုင်းကိုလည်း လားလားမှ နားမလည် သလို လေကြောင်းလိုင်းထောင်ဖို့အတွက် အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ အဲ့ဒီအချိန်တုန်းက အတ္တလန် တိတ်သမုဒ္ဒရာကိုဖြတ်ပြီးပြန်တဲ့ လေကြောင်း လိုင်းထဲမှာ ဈေးပေါတာဆိုလို့ People Express ဆိုတဲ့ လေကြောင်းလိုင်းတစ်ခုပဲရှိတာပါ။ ဒါပေမယ့် ဒီလေကြောင်းလိုင်းရဲ့ ညံ့ဖျင်းတဲ့ ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှု ပိုင်းက အားနည်းတာကို တွေ့သွားတဲ့အချိန်မှာတော့ ရစ်ချက်ရဲ့လေကြောင်းလိုင်းထောင်ဖို့ စိတ်က ပိုပြီး သေချာ လာခဲ့တာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ။ ကိုယ့်ဖက်က အနိုင်ရစေမယ့် တခြားလေကြောင်းလိုင်းတွေရဲ့ အားနည်းချက်ကိုလည်း မြင်တွေခဲ့ရသလို၊ ရစ်ချက်လေးကို အနိုင်ယူနိုင်တဲ့ Birtish Airways (BA) ဆိုတာ ကလည်း ကြီးထွားနေခဲ့တာပါပဲ။ အဲ့ဒီခေတ်အခါတုန်းကတော့ Birtish Airways (BA) ဆိုတာ ဟစ်တလာပါ ပဲ။ ဟစ်တလာဆိုတဲ့အတိုင်း အင်းအားကြီးတဲ့အပြင် သူ့ကိုပြိုင်နိုင်တဲ့ ပြိုင်ဘက်မရှိတော့ ခရီးသည်တွေကို လည်း ထူးထူးခြားခြား ဝန်ဆောင်မှုတွေ ဘာတွေမပေးပါဘူး။ ခရီးသည်တွေက Promotion တွေ ဘာတွေ လိုချင်တယ်။ ဒါပေမယ့် ယှဉ်ပြိုင်မယ့်သူမရှိတော့ ဒီဟာတွေက အလကားအပိုကုန်သလိုဖြစ်နေတာပါပဲ။

သိပ်မကြာခင်မှာပဲ Virgin Atlantic လေကြောင်းလိုင်းကို မြို့ပြလေကြောင်းလိုင်းအာဏာပိုင်အဖွဲ့ (Civil Avition Authority) ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပထမဆုံးအနေနဲ့ သူတို့လေကြောင်းလိုင်းကို ကြော်ငြာဖို့ ထူးထူးဆန်းဆန်းနည်းကို သုံးလိုက်ကြတာ အချိန်တိုလေးအတွင်း မှာပဲ အမေရိကန်နိုင်ငံက လူတော်တော်များ စိတ်ဝင်စားလာခဲ့တယ်။ ဒီလိုဗျ။ အဲ့ချိန်တုန်းက အမေရိကန် နိုင်ငံမှာရှိတဲ့ သတင်းစာနဲ့စာစောင်တွေမှာ Virgin Atlantic ကို ကြော်ငြာဖို့ လိုင်စင်မရသေးဘူး။ ဒီတော့ သူ့အနေနဲ့ New Youkers လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို Virgin Atlantic နဲ့ Wait For The English Virgin ဆိုတဲ့ ပိုစတာကြီးတွေကို လေယာဉ်တွေမှာချိတ်ဆွဲပြီး မြို့ပေါ်ပျံသန်းခိုင်းတာကနေစပြီး လူသိများလာတော့တာပဲ။

၁၉၈၉ခုနှစ်မှာ ဗြိတိသျှလေကြောင်းလိုင်းတွေထဲကတစ်ခုဖြစ်တဲ့ British Caledonian (B-Cal) လေကြောင်းလိုင်းကလည်း အရှုံးပေါ်လာခဲ့ပါတယ်။ သူတို့အနေနဲ့ အမြတ်ပေါ်အောင် မလုပ်နိုင်တော့တဲ့ အချိန်မှာတော့ Birtish Airways(BA) ကို လွှဲပြောင်းပေးလိုက်ကြပါတယ်။ တကယ်ဆို ဒါက Company တွေ အချင်းချင်း လက်ဝါးကြီးအုပ်တာကို ကာကွယ်ဖို့ဖွဲ့ထားတဲ့ ကော်မရှင်နဲ့ ဥပဒေစည်းမျဉ်းကို ချိုးဖောက်လိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ အဲ့လေကြောင်းလိုင်းနှစ်ခုက အင်္ဂလန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်း နှစ်ခုဖြစ်နေတာဆိုတော့ သူတို့နှစ်ခုပေါင်းလိုက်ရင် လေကြောင်းလောကအပေါ် အုပ်စိုးမှုက ရာခိုင်နှုန်း ၅၀ လောက် ဖြစ်နေပါပြီ။ ဆိုတော့ Birtish Airways (BA) အနေနဲ့ ခရီးစဉ်တွေရဲ့ဈေးနှုန်းကို ထက်ဝက်လောက်ထိ တင်နိုင်ခဲ့တယ်။ လေကြောင်းလောကတစ်ခုလုံးနီးပါးလောက်ကို လက်ဝါးကြီးအုပ်ထားတာဆိုတော့ Birtish Airways (BA) ရဲ့ ပြိုင်ဘက်ဆိုတာ Virgin လေကြောင်းလိုင်းပဲကျန်တော့တယ်။

ဒါပေမယ့် Birtish Airways (BA) နဲ့ British Caledonian (B-Cal) ပူးပေါင်းသွားတာက Virgin အတွက်တော့ မမျှော်လင့်ထားတဲ့ အခွင့်အရေး တစ်ခုဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအကြားမှာ လေကြောင်းလိုင်းနှစ်ခုပဲ ပြေးဆွဲခွင့်ရှိတယ်ဆိုတဲ့ ဘာမြူဒါသဘောတူညီချက်ကြောင့် ပါပဲ။ British Caledonian (B-Cal) မရှိတော့တဲ့အတွက် ဒုတိယနေရာ ကို Virgin ဝင်ခြင်းက Birtish Airways (BA) ကို အကြီးအကျယ် ဒေါသထွက်စရာဖြစ်စေခဲ့တယ်။ ဒီမှာစပါပြီ။ Birtish Airways (BA) ရဲ့ လုပ်ငန်းစဉ်တွေကို ဝင်ရှုပ်တတ်တဲ့ ပြိုင်ဘက် Virgin ကို အနိုင်ရဖို့အတွက် Birtish Airways (BA) ရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့လော့ဒ်ကင်က Virgin ရဲ့ စီးပွားရေးဟာ အခြေအနေမကောင်းတော့လို့ ပြိုလဲတော့မယ်ဆိုပြီး သွားပုတ်လေလွင့်တွေ စပြောခဲ့ပါတယ်။ အဲ့စကားက ဘဏ်တွေဆီရောက်ကုန်ပြီး အရှုံးပေါ်တော့မယ်ဆိုတဲ့ Virgin Airline ကို ငွေမချေးဖို့ ရှောင်လာကြတော့တာပါပဲ။ မချေးတာက ကိစ္စမဟုတ်ပေမယ့် အဲ့သတင်း အမှားကြောင့် Virgin က ရှယ်ယာတွေကို ဝယ်သူမဲ့သွားစေတာက ပြဿနာပါ။ ဒါ့အပြင် သူတို့ကို လေယာဉ်ငှားပေးနေတဲ့ ကုမ္ပဏီတွေကလည်း မငှားချင်တော့ဘဲ ဖြစ်လာမယ်၊ လေကြောင်းအာဏာပိုင်ဖြစ် တဲ့ CAA ကလည်း ပျံသန်းခွင့်ကို ရုတ်သိမ်းလာနိုင်တာကြောင့် Virgin လည်း တော်တော်ကို ကြံရာမရ ဖြစ်ပြီး ဖိအားဒဏ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ Birtish Airways (BA) ရဲ့ လုပ်ကြံပြောဆိုမှုတွေက ပိုပြင်းထန်လာပြီး Virgin နဲ့ ယှဉ်ပြိုင်မှုတွေကလည်း ပိုကြမ်းတမ်းလာပါတယ်။ အောက်လုံးတွေနဲ့ ယှဉ်ပြိုင်နေတဲ့ Birtish Airways (BA) ရဲ့ဒဏ်ကို မခံနိုင်တော့တဲ့အခါမှာ Virgin အနေနဲ့ တရားစွဲဖို့စဉ်စားလာတော့တယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး တစ်ဦးနဲ့တစ်ဦးပြိုင်ဆိုင်တာတွေအတွက် တရားစွဲနိုင်မယ့် ဥပဒေမရှိတာက ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ Birtish Airways (BA) ဆိုတာ အစိုးပိုင်မဟုတ်ပေမယ့် အစိုးရက ကျောထောက်နောက်ခံ ပေးထားရတာမို့လို့ Monopolies Commission, Office of Fair Trading ကလည်း Birtish Airways (BA) ကို စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးမရှိသလို လေကြောင်းအာဏာပိုင်ဖြစ်တဲ့ CAA ကလည်း တားဆီးပိုင်ခွင့် မရခဲ့ပါဘူး။ ဒီလို မတရားယှဉ်ပြိုင်မှုမျိုးကို အရေးယူဖို့ မရှိတာကတစ်ကြောင်း၊ တကယ်လို့ရခဲ့ရင်တောင် Birtish Airways (BA) က ကုမ္ပဏီကြီးဖြစ်ကြတာကြောင့် သူလည်း နာမည်ကြီးရှေ့နေတွေငှားမှာ၊ ဒါဆို ပိုက်ဆံအများကြီးကုန်မယ့်အပြင် အမှုကလည်း နိုင်ဖို့မသေချာပါဘူး၊ အဲ့တာကြောင့် တရားမစွဲဘဲ Birtish Airways (BA) ရဲ့ တာဝန်ရှိသူတေဆီသာ စာပို့ပြီးဖြေရှင်းခဲ့ပါတယ်။

ခေါင်းမာလွန်းတဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းလို့ အဆင်မပြေတဲ့နောက်ဆုံး Birtish Airways (BA) ရဲ့ ရှေ့နေနဲ့ အလုပ်ထွက်သွားသူတွေကို မေးကြည့်လိုက်တဲ့အချိန်မှာတော့ Birtish Airways (BA) ရဲ့ ချောက်ချမှုတွေက ငြင်းမရအောင် ပေါ်တော့တာပါပဲ။ Birtish Airways (BA) ကို ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ ပြောမရတဲ့အဆုံးမှာတော့ ရစ်ချက်က ဂျော့ကာမင်းဆိုတဲ့ တရားရုံးချုပ်ရှေ့နေနဲ့ တွေ့ဆုံပြီး တရားစွဲဖို့စတင်ခဲ့ပါတယ်။ ဂျော့ကားမင်းဆိုတာက အပြင်မှာဆိုရင် သဘောအလွန်ကောင်းတဲ့သူ၊ လူချစ် လူခင်များတဲ့သူဖြစ်ပေမယ့် တရားခွင်မှာတော့သူဟာ အမဲလိုက်မုဆိုး တစ်ဦးလို တိကျပြီး အရမ်းတော်တဲ့ သူတစ်ဦးမို့လို့လည်း ရစ်ချက်အနေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ပြောရရင် အမှုကနိုင်ဖို့များနေပါပြီ၊ တစ်ချိန်တည်းမှာပဲ ရစ်ချက်ဆီကို အမည်မသိလူတစ်ယောက်က Birtish Airways (BA) ရဲ့ ညစ်ပတ်တဲ့ အကြံအစည်တွေကို မှတ်ထားတဲ့ CD တစ်ချက် ပေးလိုက်တဲ့အခါမှာတော့ Birtish Airways (BA) အနေနဲ့ လုံးဝကြီးကို ကျရှုံးသွားခဲ့ပါတယ်။

အကြောင်းကတော့ဒီလိုပါ။ အဲ့ဒီမှတ်တမ်းတွေကို ကျမ်းကျိန်ပြီး တရားရုံးကို တင်သွင်းလိုက်ပါတယ်။ ဒီအခါမှာ Birtish Airways (BA) ဘက်က အမှုရှုံးနိုင်ခြေကို ကြိုသိလို့ နှစ်ဖက် ညှိနှိုင်းတဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။ နောက်ဆုံးမှာ Birtish Airways (BA) ဘက်က ရစ်ချက် ဘင်ဆန်ကို လျော်ကြေးတွေအများကြီး ပေးပြီး အမှုမရင်ဆိုင်တော့ပါဘူး။ ယှဉ်ပြိုင်ခြင်းဥပဒေဆိုတာ မရှိခဲ့ရင်တောင် ရှိပြီးသားတစ်ခြားဥပဒေဘောင်ထဲကနေ လက်ဝါးကြီးအုပ်မှုကို တွန်းလှန်နိုင်ပါတယ်။ မတရားယှဉ်ပြိုင်မှုနဲ့ မတရားလက်ဝါးကြီးအုပ်မှုကို ကာကွယ်ဖို့ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့မကြာသေးခင်ကထွက်ရှိထားတဲ့ Competition Law ကလည်း Virgin ဖြတ်သန်းခဲ့ရ တဲ့ မသမာမှုမျိုးတွေကို ထိထိမိမိ အရေးယူနိုင်ဖို့အတွက် ရည်ရွယ်ထွက်ရှိခဲ့တာပါပဲ။ ဒီဥပဒေက ဘယ်လိုမျိုးလဲ၊ ဘာတွေကနေ ကာကွယ်ပေးတာလဲလို့ မေးလာခဲ့ရင်တော့ ဒီဇာတ်လမ်းလေးကိုပဲ လက်ညှိုးထိုးပြီး ရှင်းပြရမှာပါ။

ဒီလောက်ဆို မိတ်ဆွေတို့လည်း ဈေးကွက်စီးပွားရေးနယ်ပယ်က ယှဉ်ပြိုင်မှုတွေနဲ့ ကောင်းကျိုး ဆိုးကျိုးတွေ၊ လက်ဝါကြီးအုပ်တဲ့အကြောင်း၊ ယှဉ်ပြိုင်ခြင်းဥပဒေရဲ့သဘောသဘာဝနဲ့ ဘာကြောင့် လိုအပ် တယ်ဆိုတာကို တွေးဆကျင့်သုံးနိုင်လိမ့်မယ်လို့ နှုတ်ဆက်ရင်း....

ကျေးဇူးတင်စွာဖြင့်.....
ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်း
"မိတ်ဆွေတို့ရဲ့ စီးပွားဖက်၊ ကျောချင်းကပ် မိတ်ကောင်းဆွေကောင်း"