No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Top 10 Documents Why Every Entrepreneur Needs

Top 10 Documents Why Every Entrepreneur Needs
29 Jul

Top 10 Documents Why Every Entrepreneur Needs

စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်သူတိုင်း လိုအပ်မယ့် ထိပ်တန်းစာချုပ် ၁၀ စောင် အကြောင်းကို တင်ပြပါဦးမယ်။

အသေးစားနှင့် အလတ်စား စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခု စတင်ထူထောင်ပြီး ကုန်ပစ္စည်းထုတ်လုပ်တာဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်း လုပ်တာဖြစ်ဖြစ် လုပ်ပြီဆိုရင်တော့ ဥပဒေပိုင်းဆိုင်ရာ ထုတ်ပြန်ချက်၊ သတ်မှတ်ချက်တွေကို သေချာသိထား၊ ဂရုပြုထားဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် စွန့်တီထွင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ထုတ်ကုန်ပစ္စည်းပေါ် အကျိုးသက်ရောက်လာနိုင်မယ့်၊ နောင်တစ်ချိန် ထုတ်ပြန်ရန် အလားအလာရှိတဲ့ ဥပဒေတွေကိုလည်း ကြိုခန့်မှန်းထားဖို့ လိုပါသေးတယ်။

ဥပမာအနေနဲ့ မိတ်ဆွေရဲ့ ထုတ်ကုန်က စီးကရက်ဆိုပါတော့၊ ဒါဆို စီးကရက်ကြော်ငြာတဲ့နေရာမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာရပါတော့မယ်။ နောက်ပြီး ခေတ်သစ် Entrepreneur တစ်ယောက်အနေနဲ့ အမှီလိုက်စရာကိစ္စတွေက အတော်ကို များလွန်းနိုင်ပါတယ်။

ဒီလိုကိစ္စတွေထဲကမှ မိတ်ဆွေတို့အနေနဲ့ အသေးစားလုပ်ငန်း စလုပ်ရာမှာသိသင့်တဲ့ ဥပဒေဆိုင်ရာ မှတ်တမ်းအချို့နဲ့ သဘောတူစာချုပ် အချို့ကိုလည်း ကြိုသိထားဖို့လိုအပ်ပါတယ်။

(1) - Memorandum of Understanding

မိတ်ဆွေရဲ့ ကိုယ်ပိုင်လုပ်ငန်း စလုပ်တော့မယ်ဆို မိတ်ဆွေတို့အနေနဲ့ ကိုယ်လုပ်ငန်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် အကြောင်းအရာ၊ အဖြစ်အပျက် အစုံအလင်ကို တိကျသေချာအောင် မှတ်တမ်းလုပ်ထားဖို့ လိုပါတယ်။ ဒီလိုလုပ်ထားခြင်းဆိုတာ ဥပဒေအရ သေချာ ဆုပ်ကိုင်ထားနိုင်တာမျိုး မဟုတ်ပဲ အရေးကြီး စာချုပ်စာတမ်းတွေ မချုပ်ဆိုခင် ပထမအဆင့်အနေနဲ့တော့ ပြင်ဆင်ထားသင့်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်လုပ်ငန်းနဲ့ ရှယ်ယာဝင်တွေကြားက သဘောတူညီချက် စာတမ်းတစ်ခုလိုပါပဲ။ ဒီစာတမ်းမှာ လုပ်ငန်းတည်ရှိနေရတဲ့ ရည်ရွယ်ချက်၊ ရှယ်ယာဝင်တွေရဲ့ သဘောတူညီချက်၊ မရှိမဖြစ် လိုအပ်တဲ့စည်းကမ်းချက် စတဲ့အချက်တွေ အဓိက ပါဝင်သင့်ပါတယ်။

ဒီစာတမ်းကို လုပ်ထားခြင်းအားဖြင့် မိတ်ဆွေနဲ့ မိတ်ဆွေတို့ရဲ့ Business Partners ကြားက အငြင်းပွားစရာအချက်တွေ လျှော့ကျပြီး နားလည်မှုတွေ ပိုတိုးလာနိုင်စေပါလိမ့်မယ်။

(2) - Memorandum of Association & Articles of Association

မိတ်ဆွေတို့ရဲ့ လုပ်ငန်းက စိတ်ကူထားတဲ့ လမ်းကြောင်းပေါ် ရောက်လာပြီဆိုရရင်တော့ လုပ်ငန်းကို တရားဝင် ခိုင်မာအောင် လုပ်ရတော့မယ့် အချိန်ပါပဲ။ Memorandum of Association ဆိုတာ မိတ်ဆွေတို့ရဲ့ လုပ်ငန်းဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်ဖြစ်ပြီး၊ Articles Of Association ကတော့ Company လည်ပတ်ရာမှာ ပိုင်ဆိုင်မှု စည်းမျဉ်းတွေကို ရေးဆွဲ၊ တည်ထောင်တာကို ဆိုလိုပါတယ်။

(3) - Shareholders' Agreement

ဒီတစ်ခုကတော့ ဘယ်လို စီးပွားရေး လုပ်ငန်းမျိုးမှာမဆို အရေးပါလွန်းတဲ့ သဘောတူညီချက်၊ စာချုပ်တစ်ခုပါ။ အကြမ်းဖျင်း ပုံစံတစ်ခု ရေးဆွဲရာမှာ ရှယ်ယာဝင်တွေရဲ့ သက်ဆိုင်တဲ့ အခွင့်အရေး၊ တာဝန်ဝတ္တရား နှင့် သူတို့အကြား ဆက်ဆံရေးကို ဖော်ပြဖို့အတွက် ရှယ်ယာရှင်တွေရဲ့ သဘောတူညီချက်အဖြစ် ကြိုတင် ရယူထားနိုင်ဖို့ လိုအပ်ပါတယ်။

(4) - Non-Disclosure Agreement

မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းစတင်လို့ ရှယ်ယာဝင်တွေ ရလာတဲ့အခါ ဒီရှယ်ယာဝင်တွေနဲ့ ကိုယ့်ကြားမှာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခု တည်ဆောက်ထားဖို့ လိုပါတယ်။ ဒီသဘောတူညီချက်က မိတ်ဆွေအနေနဲ့ ကိုယ့် Idea, Design, Information အသစ် စတာတွေကို ရှယ်ယာရှင်တွေကို ပေးသိပြီး လျှို့ဝှက်ထားစေလိုရင် သုံးတာပါ။

(5) - Directors' Service Agreement

ဒါရိုက်တာဆိုတာ လုပ်ငန်းတစ်ခု လည်ပတ်ဖို့ အဓိကတာဝန်ယူရတဲ့ သူတွေဖြစ်တာကြောင့် သူတို့ရဲ့ တာဝန်၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဒါရိုက်တာရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်ကို ကျော်ပြီးလုပ်ရင် ဥပဒေနဲ့ အပြစ်ပေးဖို့တွေ ပါဝင်ပါတယ်။

(6) - Employment Agreement

လုပ်ငန်းတစ်ခု စလုပ်ပြီး ဝန်ထမ်းတွေ ခန့်တော့မယ်ဆိုတာနဲ့ ဒီစာချုပ်က လိုကို လိုအပ်နေပါပြီ။ ဒီထဲမှာ ဝန်ထမ်းတွေရဲ့ ရာထူးတွေနဲ့ တာဝန်ဝတ္တရား ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။ ကိုယ်ခန့်မယ့် ဝန်ထမ်းအပေါ်မူပြီး အလုပ်သင်၊ အတိုင်ပင်ခံ၊ ကန်ထရိုက်တာ စသဖြင့် မတူညီတဲ့ ဝန်ထမ်းတစ်မျိုးစီအတွက် စာချုပ်တွေလိုပါတယ်။

(7) - Terms & Condition For The Supply of Goods or Services

ကိုယ့်လုပ်ငန်းနဲ့ ရောင်းဝယ်ဖောက်ကားတဲ့ ဖောက်သည်တွေ၊ ဝန်ဆောင်မှု ပေးရသူတွေကြားမှာ အခြေခံကျတဲ့ဟာပါ။ မိတ်ဆွေတို့ဆီ ကုန်ပစ္စည်းပေးပို့သူနဲ့ ဝယ်သူကြားမှာပါ လိုအပ်ပါတယ်။ ဒီစာချုပ်မှာ ပုံစံအချက်အလက်၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အသေးစိတ် ဖော်ပြချက်တွေ ပါဝင်ပါတယ်။ ဒါအပြင် ငွေပေးချေမှုစနစ်၊ ကုန်ပစ္စည်းပို့ဆောင်တာ၊ ပြန်သွင်းတာနဲ့ ပယ်ဖျက်တာတွေနဲ့လည်း သက်ဆိုင်ပါတယ်။

(8) - Website Terms and Conditions

မိတ်ဆွေတို့ရဲ့ App or Website ကိုသုံးစွဲကြသူတွေထဲက ၉၉ရာခိုင်နှုန်းလောက်ဟာ ဒီအချက်ကို မဖတ်ကြပါဘူး။ ဒါပေမယ့်လည်း Users နဲ့ ကိုယ့်အကြားက သဘောတူညီမှု စာတမ်းပုံစံမျိုး ဖြစ်တာကြောင့် ကိုယ့်ဘက်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ထားရှိသင့်ပါတယ်။

(9) - Cookie Policy & Privacy Policy

မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းအရ Website Or Application တစ်ခု ပြုလုပ်လိုက်ပြီဆိုရင် Users/Visitors တွေနဲ့ အကြိုက်ကိုကြည့်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ Cookies ဆိုတဲ့ ဖိုင်ငယ်လေးကိုသုံးရပါတယ်။ (Cookie ဆိုတာ Users ရဲ့ Browsing Data တစ်ခုလို့ မှတ်ယူလို့ရပါတယ်။) ဒီလိုမျိုး သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်ကို ယူသုံးဖို့အတွက်ဆိုရင် မိတ်ဆွေတို့ဆီမှာ တရားဝင် ခွင့်ပြုချက်ရှိမှ အဆင်ပြေနိုင်ပါလိမ့်မယ်။

(10) - Software Development Agreement

နောက်ဆုံးအနေနဲ့ကတော့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် Software Application တစ်ခုပြုလုပ်မယ်ဆိုရင် မရှိမဖြစ် ထည့်သွင်းစဉ်းစားရမယ့် သဘောတူညီချက်ပဲ ဖြစ်ပါတယ်။

"ဖြစ်လာနိုင်တဲ့ အနေအထားအားလုံးအတွက် ကြိုတင် ပြင်ဆင်ထားရမယ်။
အသင့် ပြင်ဆင်ထားသူဟာ တိုက်ပွဲ တစ်ဝက်ပြီးသူပဲ။"

စီးပွားရေးလုပ်ရာမှာ ကိုယ်ပစ္စည်းကို ဘယ်နေရာမှာ ဘယ်လိုရောင်းရမယ်ဆိုပြီး သိထားရုံနဲ့ ၁၀၀ ရာခိုင်နှုန်း ခိုင်မာမှု မရှိသေးပါဘူး။ အောင်မြင်ဖို့ဆိုတာလည်း မစားရ အညော်ခံအနေနဲ့ပဲ ရှိနေပါလိမ့်မယ်။ ကိုယ့်ပိုင်နက်၊ ကိုယ့်ထုတ်ကုန်၊ ကိုယ့်လုပ်ငန်းကို မိမိရရ ချုပ်ကိုင်ထားနိုင်ဖို့အတွက်ဆိုရင် ဥပဒေဆိုတဲ့ ခိုင်မာတဲ့ ဘောင်အတွင်းကနေ စနစ်တကျ လုပ်ဖို့လိုပါတယ်။

အဲဒါတွေကတော့ ရှေ့မှာ ပြောခဲ့တဲ့ မှတ်တမ်းနဲ့ စာချုပ်စာတမ်းတွေကို ဥပဒေ ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ စီးပွားလုပ်ငန်းတိုင်း ရှေ့နေလိုတာတော့ တစ်ကမ္ဘာလုံး ဖြစ်စဉ်လိုတောင် အစဉ်အလာ ဖြစ်နေပါပြီ။ အဲတော့ ကိုယ့်စီးပွားလုပ်ငန်း မှတ်တမ်းနဲ့ စာချုပ်တွေကို ရှေ့နေကိုအပ်ပြီး မရေးဆွဲခင်မှာ အဲရှေ့နေကရော သူ့ရှေ့နေလုပ်ငန်း ကုမ္ပဏီကို ဘယ်လိုခိုင်မာအောင်၊ အောင်မြင်အောင်၊ ချောမွေ့လည်ပတ်အောင် ဘယ်လို ဦးစီးနေလဲ အရင် လေ့လာကြည့်သင်ပါတယ်။ ဒါမှလည်းကိုယ့်လုပ်ငန်း စာချုပ်တွေရေးဆွဲဖို့ စိတ်ချရမှာပေါ့။

ဒါဆိုရင် ဥပဒေကိုအသုံးပြုပြီး အောင်မြင်လာတဲ့ အာရှတိုက်သူတစ်ယောက်၊ အမျိုးသမီး ရှေ့နေလုပ်ငန်းရှင်တစ်ယောက်အကြောင်း ဖတ်ကြည့်ကြရအောင်ဗျာ။
Phoe Phyu Law Firm

Sheela Murthy နှင့် သူမဘဝအကျဉ်း

Sheela Murthy ဆိုတာ ရှေ့နေ၊ စွန့်ဦးတီထွင်၊ ပရဟိတသမားအဖြစ် လူသိများကြပါတယ်။ ရှေ့နေအဖြစ် သိတာကတော့ ပိုများတာပေါ့။ Murthy အကြောင်းက နည်းနည်းတော့ ရုပ်ရှင်ဆန်တယ်လို့ ပြောရမယ်။

Murthy ကို ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့ Baroda (Vadodara), India မှာ မွေးဖွားခဲ့ပြီး မွေးချင်း ညီအမ(၃)ယောက်ထဲမှာ သူမက အလတ်ပါ။ သူမရဲ့အဖေက အိန္ဒိယ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဗိုလ် ဖြစ်တဲ့အလျောက် တာဝန်နဲ့ မကြာခဏရွှေ့ပြောင်း နေထိုင်ရင်း သူမရဲ့ငယ်ဘဝကို ကုန်ဆုံးစေခဲ့တယ်။

သူမဟာ ဥပဒေပညာ၊ ပရဟိတ ငယ်စဉ်ကတည်းက ဝါသနာထုံခဲ့ပေမယ့်လည်း သူမရဲ့အဖေကတော့ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်း မပြုဖို့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ် ပြတ်သားလွန်းတဲ့သူမကို ဘယ်သူမှ တားမရခဲ့ပါဘူး။ ဒီလိုနဲ့ Chennai က Stella Maris College မှာ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အထူးပြုလေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။

Harvard မှာ Master Of Law( LLM) Degree ရယူဖို့ ဆုံးဖြတ်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ ကျောင်းတက်နေစဉ် သူမရဲ့ ကုန်ကျစရိတ်ကို ဖြေရှင်းဖို့ ညဘက်မှာ လုံခြုံရေးအနေနဲ့ လုပ်ကိုင်ရင်း တက်ခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ LLM Degree နဲ့ ဟားဗက်ကနေ ဘွဲ့ရသွားပါတယ်။ Harvard တက္ကသိုလ်ရဲ့ မဟာဥပဒေဘွဲ့ဆိုတာ နည်းတဲ့ပညာတော့ မဟုတ်ဘူးပေါ့။

Harvard က ထွက်လာပြီးနောက်မှာတော့ Murthy ဟာ နယူးယောခ့်မြို့က White & Case ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှာ အိမ်ခြေမြေနှင့် ကော်ပိုရိတ် ဥပဒေပိုင်းကို အစမ်းသဘောအနေနဲ့ လေ့ကျင့်ရန် ဝင်လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာက လူငယ်ရှေ့နေတွေနဲ့ အတူနေထိုင်ပြီး တစ်ရက်ကို ၁၄ နာရီနဲ့ ပိတ်ရက်မရှိ လုပ်ခဲ့တာပါ။ ၁၉၈၉ မှာတော့ Baltimore ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး အိမ်ခြံမြေနဲ့ စီးပွားရေး ဥပဒေပညာကို ဆက်လေ့လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Murthy ဟာ သူမ အလုပ်ရှင်ရဲ့ အလုပ်တွေကို ကူလုပ်ပေးခဲ့ရာကနေ လူဝင်မှုကြီးကြပ်ရေး ဥပဒေဘက်မှာပါ တိုးတက် ကျွမ်းကျင်လာပါတယ်။

၁၉၉၄ ခုနှစ် မေလမှာ ကိုယ်ပိုင် စီးပွားရေးစတင်ဖို့ သူမအလုပ်ကနေ ထွက်လိုက်ပါတယ်။ အဲ့နောက်မှာတော့ The Law Office Of Sheela Murthy ဆိုတဲ့နာမည်နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေးအဖြစ် တကိုယ်တော် စတင်ခဲ့တယ်။ စစချင်း လတော်တော်များများမှတော့ Murthy အနေနဲ့ အိမ်ရဲ့ထမင်းစားခန်းထဲက စားပွဲကပဲ ကိုယ်ပိုင်ရုံးခန်းတစ်ခုလို ဖြစ်နေခဲ့တာပါ။ အဲ့နောက်မှာတော့ Owings Mills, Maryland မှာရှိတဲ့ ရုံးခန်း အသေးလေးတစ်ခုကို သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Murthy ရဲ့ယောကျာ်းဖြစ်သူက Murthy.com ဆိုတဲ့နာမည် Website တစ်ခုပြုလုပ်ပြီး သူတို့ရဲ့ ဥပဒေအကြံပေးလုပ်ငန်းကို Online ကနေ စတင်ကြော်ညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ရှေ့နေပီပီ အပေါင်းအသင်းကလည်းကောင်း လူတွေလည်း အကြောင်းလည်းသိတဲ့ Murthy အတွက်ကတော့ သူ့လုပ်ငန်းအတွက် Promotion ဆင်းတယ်ဆိုတာ သိပ်ပြီး ခက်ခဲတဲ့အရာ မဟုတ်လိုက်ပါဘူး။ အခုဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ ဥပဒေဆိုင်ရာ Website ထဲမှာ လူကြည့်အများဆုံး Website အဖြစ် မှတ်တမ်းဝင်သွားနေပါပြီ။

၁၉၉၉ ခုနှစ်ကာလထဲမှာ သူမဟာ American Immigration Lawyers Association နဲ့ ပူးပေါင်းပြီး ခေါင်းဆောင်နေရာမှာ နှစ်ပေါင်းများစွာ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၅ သူမရဲ့ ဥပဒေအတိုင်ပင်ခံအလုပ်ကို လူသိများလာခဲ့ချိန်မှာတော့ မူလနာမည်ဖြစ်တဲ့ The Law Office Of Sheela Murthy ကနေ The Murthy Law Firm ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ ၂၀၁၂ မှာတော့ သူမအတိုင်ပင်ခံလုပ်ငန်းမှာဝန်ထမ်းပေါင်း ၈၀ကျော်နဲ့ လည်ပတ် (ဒါက ရုံးတစ်ရုံးမှာပဲ ရှိပါသေးတယ်) နိုင်လောက်တဲ့အထိကို အောင်မြင်နေပါပြီ။ ဒါတင်မကသေးပါဘူး စီးပွားရေးမှာ လောဘကြီးတယ်ပဲ ဆိုရမလား Murthy Private Limited ဆိုပြီး မွေးရပ်မြေဖြစ်တဲ့ Chennai and Hyderabad, India မှာ ထပ်ဖွင့်လိုက်ပါသေးတယ်။

ထမင်းစားခန်းထဲက စားပွဲပေါ်မှာ စတင်ခဲ့ရတဲ့ သူမရဲ့ ကုမ္ပဏီလေးက အခုချိန်မှာတော့ ကမ္ဘာ့ဦးဆောင် အမေရိကန်လူဝင်ကြီးကြပ်ရေး ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ရှေ့နေဆိုတာ ဥပဒေ ပညာတွေချည်း ကိုင်တွယ်ရမယ် ဆိုလိုထားတာမျိုး မဟုတ်ပါဘူး။ ပြောရရင် ရှေ့နေဆိုတာလည်း မိတ်ဆွေတို့လို လုပ်ငန်းရှင်တွေပါပဲ။ လုပ်ငန်းသဘောတရားတော့ ကွာတာပေါ့။ ကိုယ်လုပ်ငန်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးဖို့ ရှေ့နေငှားတယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ အတွင်းရေးမှုး၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို လက်တွဲလိုက်ရသလို ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။

ကဲ မိတ်ဆွေတို့ရဲ့ အခက်အခဲတွေကို အတူဖြေရှင်းဖို့ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက် ရှာတွေ့ပြီလား?

ကျေးဇူးတင်ပါတယ် ..
ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်း

Website - https://www.uphoephyu.com/
eMail - info@uphoephyu.com
Mobile - 09 960 278100