No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၂)

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၂)
22 Aug

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၂)

လုပ်ငန်းတွေလုပ်နေပြီလား။

ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ (Partnership) လုပ်နေတာလား။

သိပ်ပျော်ဖို့ကောင်းပါတယ်။ ကိုယ်ခင်ရ၊ ချစ်ရတဲ့သူတွေနဲ့ အလုပ်တွေ အတူတူလုပ်ခွင့်ရတာ။ မင်းကတော့ဘာလုပ်၊ ကိုယ်ကတော့ ဘာလုပ်မယ်၊ အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေကြမယ်။ အစဦး ကာလတွေက တက်ကြွမှုတွေနဲ့ လန်းဆန်းလို့၊ မျှော်လင့်ချက်တွေနဲ့ တောက်ပလို့။ ဘယ်ကာလ ရောက်ရင်တော့ ဘယ်လိုဝင်ငွေတွေရတော့မှာ။ ဘဝမှာ ခွန်အားတွေအပြည့်နဲ့ စွမ်းအားတွေ ပြည့်နှက်လို့။ လုပ်ငန်းရှင်တစ်ဦး ဖြစ်ခွင့်ရတဲ့ ကိုယ်ဘဝရဲ့ အိမ်မက်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မော်ကြွားလိုက်ရတာလဲ ခေါင်းတမော့မော့၊ ရင်တကော့ကော့။

မဟုတ်ဘူး။ အလုပ်တွေရှုပ်လို့၊ ဇာတ်လမ်းတွေ ရှုပ်မှာစိုးလို့။ တစ်ယောက်တည်း (Sole Proprietorship) လုပ်နေတာ။

ကိုယ့်ဘာသာကိုယ်ပဲ မတည်ရင်းနှီးမယ်။ ရတဲ့အကျိုးအမြတ်ကိုလဲ တစ်ယောက်တည်းပဲယူမယ်။ လုပ်ငန်းရဲ့ အကျိုးအပြစ်တွေအတွက် ကိုယ်တစ်ယောက်တည်းပဲ ခံစား၊ စံစားမယ်။ ကောင်းပါတယ်။

ကိုယ့်ခေါင်း တစ်ခေါင်းတည်းက ထွက်ကျလာတဲ့ အတွေးအခေါ်၊ အကြံအစည်တွေကို အကောင်အထည်ဖေါ်ရင်း ခက်ခဲကြမ်းတမ်းလှတဲ့ လောကခရီးမှာ ရွက်စုံလွှင့်၊ တက်စုံဖွင့် ဖြတ်ကျော်နေတဲ့ အာဂ သံမဏိ လူသားတွေလို့ ပြောပါရစေတော့။ ဒါပေမယ့် အခွင့်ရတာနဲ့ ဝင်ဆွဲမယ့် ခွေးအတွေ ဝိုင်းနေတာကိုတော့ သတိထားပါလို့ ကြိုပြောထားပါရစေ။

ကျွန်တော်၊ ကျွန်မတို့ကတော့ ဖက်စပ်လုပ်နေတာဗျ (Joint Venture)။
ကိုယ်ပိုင် ကုမ္ပဏီ ရှိပြီးသား။ ကုမ္ပဏီခြင်း ပူးပေါင်းပြီး အလုပ်တွေလုပ်နေတာ။ စာချုပ်သက်တမ်း နှစ်နှစ်ယူထားတာ။ အဆင်ပြေတယ်။ တဖက် ကုမ္ပဏီကလည်း သဘောကောင်းပါတယ်။ MOU AOA MOA တွေလည်း သူတို့ပဲရေးတာ။ ဂုဏ်သိက္ခာရှိ၊ ကျော်ကြားတဲ့ ကုမ္ပဏီဆိုတော့ ဘာမှတောင် ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ သူတို့က မဟုတ်တာလုပ်မလား။ ကိုယ့်လိုကုမ္ပဏီလေးကို လာပူးပေါင်းတာတောင် လွန်လှပြီ မဟုတ်လား။

နောက်ဆုံးတစ်မျိုးကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ (Entrepreneurship) ပဲ ဖြစ်ပါတယ်။
အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်လုပ်ငန်းတွေ စသဖြင့် သူတို့ကို နယ်ပယ်စုံမှာ တွေ့နိုင်ပါ တယ်။ အခြေခံကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးက အစပြုပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ဝန်ဆောာင်မှု လုပ်ငန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ အလုပ်ကိုအရမ်း လုပ်ချင်တတ်ကြတယ်။ အလွန်အာရုံစိုက်တယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် မိသားစုနဲ့ အလုပ်တောင် မကွဲပြားတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ ဆိုးကျိုးကတော့ အလှမ်းကျယ်၊ အလယ်လပ် ဖြစ်တတ်တာပါပဲ။ လုပ်ငန်းကျွမ်းကျင်ပေမယ့် အလျင်လိုတယ်။ ဒီအခါမှာ ကျားချောင်းချောင်းနေတဲ့ သူအတွက်တော့ အခွင့်ကောင်းပါပဲ။ လုပ်ငန်းရဲ့ ခိုင်မာမှုနည်းပါးတဲ့ အားနည်းချက်တွေ၊ ဟာကွက်တွေကနေတဆင့် လုပ်ငန်းထဲကို ထဲထဲဝင်ဝင် ကူးစက် ဝင်ရောက်လာတတ်ကြခြင်း ဖြစ်ပါတယ်။ တချို့ဆို လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ ဖြစ်ကုန်ကြပါတယ်။

အောင်မြင်သူတွေကတော့ ကိုယ့်လုပ်ငန်းကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ကြပြီး ဒီအချက်တွေကို ကောင်းစွာ ကျော်လွှားနိုင်ခဲ့ကြကြောင်း တွေ့ရှိရပါတယ်။

ဘယ်လို ကျော်လွှားနိုင်ခဲ့ကြသလဲ ဆိုတာကိုတော့ ဆောင်းပါးရဲ့ အောက်ဆုံးမှာ ရှင်းလင်းပေး ပါ့မယ်။

(၁) အစုစပ်လုပ်ငန်း ( Partnership)
ကိုယ်ချစ်တဲ့၊ ခင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့၊ ကိုယ်ရဲ့မိသားစုဝင်တွေနဲ့ အလုပ်တွေအတူ လုပ်ခွင့်ရတာ သိပ်ကောင်းတာပေါ့ဗျာ။ မျှော်လင့်ချက် အိမ်မက်တစ်ခုတည်းကို အတူမက်ခွင့်ရတာ ဘဝမှာ ကံကောင်းလွန်းလှပါတယ်။

ဒါပေမယ့် ပိုင်ဆိုင်မှုတွေ၊ ခံစားခွင့်တွေနဲ့ ပတ်သက်လာရင် လူက အချိန်နဲ့အမျှ အရောင် ပြောင်းတတ်တယ်ဆိုတာ အရင်လက်ခံရပါလိမ့်မယ်။ အာဏာအတွက်၊ ပိုင်ဆိုင်မှုတွေအတွက် သားကို သတ်တဲ့ (သားသတ်မင်း) ဖအေတွေ၊ ဖအေကိုသတ်တဲ့ (ဖအေသတ်မင်း) သားတွေ အများကြီး ရှိခဲ့တယ်ဆိုတဲ့ သမိုင်းတွေကို မေ့ထားလို့မရပါဘူး။ ဒါမိသားစုဝင် အချင်းချင်းတွေ။ ရာဇဝင်တွေ ရိုင်းခဲ့ကြတယ်။ ရိုင်းခဲ့ဖူးတဲ့ ရာဇဝင်တွေကို ချန်လှပ်ထားခဲ့ကြတယ်။ မြန်မာ့သမိုင်းမှာ ရှိတယ်။ ကမ္ဘာ့သမိုင်း မှာရှိတယ်။

စလုပ်တုန်းကတော့ ကောင်းပါရဲ့ဗျာ။

မျှော်လင့်ချက်တွေကို ကာရံသတ်ပြီး ရည်ရွယ်ချက်တွေ ပေါင်းစပ်ထားတဲ့ ကဗျာလှလှလေး တစ်ပုဒ်ပေါ့။ လုပ်ငန်းအောင်မြင်ကာမှ ငါလုပ်လို့၊ ငါအရည်အချင်းကြောင့် အောင်မြင်တာ။ ပထမ သဘောတူထားတဲ့အတိုင်း လုပ်ငန်းရဲ့ခံစား၊ စံစားပိုင်ခွင့်တွေကို မပေးနိုင်တော့ဘူး။ ဒီအချိုး၊ ဒီရာခိုင်နှုန်းအတိုင်းပဲ ပေးနိုင်မယ်။ ပထမလုပ်ပိုင်ခွင့်တွေလဲ မပေးနိုင်ဘူး။ လုပ်ပိုင်ခွင့်တွေကိုလည်း ကန့်သတ်မယ်။ ကဲ ---- ဘာလုပ်ကြမလဲ။ ငယ်သူငယ်ချင်း အချင်းချင်းကြီးတွေ။ စားအတူတူ၊ သွားအတူတူ၊ မဟုတ်တာ လုပ်ခဲ့ကြတာတောင် အတူတူဗျာ။ ခုတော့ ---- ။ ကွဲပြီ၊ ပြဲပြီ။ ရုံးရောက်၊ ဂါတ်ရောက်။ ဟိုတိုင်၊ ဒီတိုင်။ ကူပါဦး၊ ကယ်ပါဦး။ သီချင်းလေးတစ်ပုဒ်ပါပဲ။ အမုန်းစစ်မျက်နှာများ။
လွမ်းမောဖွယ် ငယ်ဘ၀ ခင်မင်မြတ်နိုးမှု ပုံရိပ်တို့ ပြိုပျက်ခဲ့ရပြီ။
ဒါပေမယ့် ကံကိုပုံမချပါနဲ့မိတ်ဆွေ။
ခင်ဗျားမှာ လိုအပ်ချက်တွေရှိနေခဲ့လို့ လို့ပဲ နားလည်ထားလိုက်ပါ။

မအောင်မြင်ရင်ကော။ ဒီအတိုင်းပဲ လာမှာပါပဲဗျာ။ မင်းလုပ်လို့ဖြစ်တာ။ မင်းကြောင့်။ ငါ့ကြောင့် မဟုတ်ဘူး။ ခေါင်းတခါခါ၊ လည်တခါခါ။ လက်ညှိုး တထိုးထိုး။ လုပ်ငန်းရှုံးတာက တမျိုး။ အချင်းချင်း ပြဿနာတက်တာက တစ်မျိုး။ နောက်ဆုံးတော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲတာပဲ အဖတ်တင်ပါတယ်။

လုပ်ငန်းရှုံး၊ မိတ်ဆွေပျက် (မိသားစုဝင် အချင်းချင်းသာဆို လောင်လိုက်မဲ့အိမ်တွင်းမီး)၊ ဖရိုဖရဲ၊ အလဲလဲ၊ အကွဲကွဲ။ တောင်မင်းမြောက်မင်း အပြန်အလှန် မကယ်နိုင်တဲ့ ဘဝတွေ။

ဘာမှခံစားမနေပါနဲ့မိတ်ဆွေ။ ရှုံးပါစေတော့။
ခင်ဗျားမှာ အပြစ်မရှိပါဘူး။

အစုစပ် လုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဟန်ချက် ရစ်သမ်တွေကို မသိတာ တစ်ခုပဲ လိုအပ်ခဲ့တာပါ။ မဖြစ်မနေ တည်ဆောက်ထားသင့်တဲ့၊ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Legal Framework တစ်ခုကို ပုံဖေါ်ဖို့ မစွမ်းနိုင်ခဲ့တာ၊ မလုပ်ဆောင်နိုင်ခဲ့တာကိုသာ အပြစ်လို့ ပြောကြပါစို့ဗျာ။

(၂) တစ်ဦးတည်းပိုင်လုပ်ငန်းများ (Sole Proprietorship)
ဘာလုပ်လုပ် တစ်ဦးတည်းလုပ်ရတာကို ကြိုက်တယ်။ ဒါကြောင့် ဘာလုပ်ငန်းလုပ်လုပ် တစ်ဦးတည်းပဲ လုပ်တယ်။ အောင်မြင်ပါတယ်။ ရုန်းရင်းကန်ရင်း တွန်းရင်းကန်ရင်း လဲရင်းထရင်း။ ပြေးလမ်းပေါ်မှာ တစ်ယောက်တည်း ဇွဲနဘဲနဲ့။ မဗေဒါတစ်ပင်တည်း ပန်းပန်လျှက်ပဲ။

လှော်ရင်းနစ်သွားတဲ့သူတွေ အများကြီးထဲမှာ ကျွန်တော်၊ ကျွန်မတော့ စွမ်းစွမ်းတမံ ရပ်တည်နေနိုင်ဆဲပါ။ ထပ်ပြီး အောင်မြင်နိုင်အောင်လဲ ကြိုးစားနေပါတယ်။ အလွန်သန်မာတဲ့ စိတ်ဓါတ်ခွန်အားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကံကိုယုံတိုင်း ဆူးပုံ မနင်းသင့်ပါဘူး။

စိတ်ဓါတ်ခွန်အားတွေ ဘယ်လောက် အားကောင်းကောင်း ----
လုံလဝိရိယတွေ ဘယ်လောက် အားကောင်းကောင်း ----
ရင်းနှီးမတည်ငွေတွေ ဘယ်လောက် အားကောင်းကောင်း ----
မမှားသောရှေ့နေ၊ မသေသော ဆေးသမားလို့ ရှိဖူးလို့လား။ ကိုယ့်ကိုကိုယ် လုံခြုံမှုရှိစေတဲ့ အဝင်း အဝိုင်းတစ်ခုကိုတော့ ဖန်တီးထားဖို့ လိုအပ်ပါတယ်။

မေးခွန်းလေးတွေလဲ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
နိုင်ငံမှာ ပြဌာန်းထားတဲ့ ဘယ်တည်ဆဲ ဥပဒေတွေနဲ့ ကိုယ်လုပ်ငန်းကို ခိုင်မာထားစေတာလဲ ----
ဘယ်ဥပဒေက ကိုယ်ကို စောင့်ရှောက်မှာလဲ ----
ကိုယ်ကရော ဥပဒေတွေရဲ့ အရိပ်အောက်မှာ အေးမြချမ်းသာ လုံခြုံရာရဖို့ ဘာတွေ လုပ်ထားသင့်သလဲ ----
ကိုယ့်လုပ်ငန်းဆောင်တာတွေက တချိန်ချိန်မှာ အငြင်းပွားစရာ ဖြစ်လာရင် ကိုယ့်ဘက်မှာ ဘယ်သူရပ်မှာလဲ ----

(၃) ဖက်စပ်လုပ်ငန်း (Joint Venture)
တော်တော်နက်ရှိုင်းပါတယ်။ နားလည်မှု စာချွန်တော်တွေက အစပြုပြီး လုပ်ငန်း မစတင်ခင် ချုပ်ဆိုကြရတဲ့ ကြိုတင် သဘောတူညီမှု စာချုပ်တွေ အပါအဝင် အစစအရာရာလို့ပဲ ပြောပါရစေ။ သေးသေး မွှားမွှားလေးတွေက အစပြုပြီး အမှားအယွင်းတစ်ခု ပေါ်ထွန်းတာနဲ့ တပြိုင်နက် အားလုံး မှားယွင်းသွားပြီလို့ပဲ ပြောပါရစေတော့ဗျာ။

(၄) စွန့်ဦးတီထွင် လုပ်ငန်းရှင်များ (Entrepreneurship)
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် အရေအတွက်က အခြားသော နိုင်ငံတွေနဲ့ နှိုင်းစာရင် အင်မတန် နည်းပါးနေသေးတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံသားတွေကို အပြစ်ပြောရန် တစုံတရာမရှိပါဘူး။ အခြေခံ စီးပွားရေး အဆောက်အအုံတွေ ( Basic Economics Infrastructures) ပါးရှားနေသေးတာ၊ ဘဏ်လုပ်ငန်းစဉ် (Bank Procedures) တွေက လုပ်ငန်းရှင်တွေအတွက် တကယ့် အထောက်အပံ မဖြစ်စေနိုင်သေးတာ၊ နိုင်ငံတော်က နိုင်ငံသား လုပ်ငန်းရှင်တွေအတွက် ထိထိရောက်ရောက် ရပ်တည်ချက်တွေ မပေးနိုင်သေးတာ၊ ဥပမာ - သက်နုလုပ်ငန်းများ (Infant Industry) ကာကွယ်ရေး ဥပဒေတွေကို တကယ် အသက်ဝင်အောင် အကောင်အထည်မဖေါ်နိုင်သေးတာ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ပျောက်ဆုံးနေတာ၊ Free Trade ဆိုပြီး ယောင်ယောင်ယောင်ယောင် လုပ်နေတာ အများကြီးပါပဲဗျာ။ ပြောရရင် တစ်ထောင့်တစ်ညပါပဲ။

ထားပါတော့လေ။ ခေါင်းစဉ်နဲ့ ညီအောင်ပဲ ရေးပါ့မယ်။
လုပ်ငန်းလုပ်ချင်သူတစ်ဦးက ငွေယားလေး ရှိခိုက် မနေနိုင်၊ မထိုင်နိုင် လုပ်ငန်းလေးထလုပ်လိုက်။ အရင်းပြုတ်လိုက်။
အရင်းပြုတ်လိုက်၊ အစိုးရကိုဆဲလိုက်။
နဂိုတည်းက “ဇ” ရှိပြီး “သူများဝန်ထမ်းတော့ မလုပ်ဘူးလဟဲ့" ဆိုပြီး ချေးငှား၊ မဖြစ်ဖြစ်အောင် လုပ်ငန်း လုပ်ကိုင်နေသူတွေလည်း ရှိလား ရှိပါရဲ့။ ဟိုလူက လိမ်သွားလိုက်။ ဒီလူက လိမ်သွားလိုက်။ ကိုယ့်ငွေလေး တိုးပွားမလားလို့ ကုမ္ပဏီမှာ ရှယ်ယာထည့်ပါတယ်။ ဖွတ်မရ ဓါးမဆုံး။ အမြတ် ဘယ်ဆီနေမှန်းမသိ၊ အရင်းဆုံးလို့ ငိုကြီးချက်မနဲ့။ ဘဝပျက်ကြသူတွေ။

သြော် -- ဘဝ၊ ဘဝတွေ လို့ပဲ -- သနားရမှာလား။
သီချင်းထဲကလို “နင်ဉာဏ်နည်းလွန်းလှတယ်။” လို့ပဲ ကဲ့ရဲ့ အပြစ်တင်ရမှာလား။
အတိုချုပ်ပဲ ပြောပါမယ်ဗျာ။ အားလုံးဟာ ကြိုတင်စီမံ အကွက်ချတဲ့၊ ပြင်ဆင်ရင်ဆိုင်တဲ့ ဥပဒေ စီမံချက်တစ်ရပ် ( Legal Plan) မရှိခြင်း၊ အားနည်းခြင်းကြောင့်ပါ။

ဘယ်လောက်သန်စွမ်းတဲ့ စီးပွားရေး စီမံချက်တွေ ရှိရှိ ----
ဘယ်လောက် အားကောင်းတဲ့ လုပ်သား ရင်းမြစ်တွေ ရှိရှိ ----
ဘယ်လောက် ခိုင်ခံတဲ့ အရင်းအနှီးတွေ ရှိရှိ ----
ခင်ဗျား နောက်ခံမှာ ဘယ်သူတွေ ရှိရှိ ----
တိကျ ရေရာတဲ့ ဥပဒေစီမံချက် ( Legal Plan) တွေ မရှိရင်တော့ ----

No ပါလို့ ပြောပါရစေ။

လေးစားစွာဖြင့်
ဖိုးဖြူ