No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၁)

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၁)
22 Aug

စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် Legal Plan လိုအပ်တာလဲ (၁)

ဟောင်းနွမ်းခဲ့တဲ့ အတိတ်ကာလတစ်ခု၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေမှာတော့ လုပ်ငန်းအများစုက စီးပွားရေးစီမံချက် ( Business Plan ) ကိုပဲ ရေးဆွဲလေ့ ရှိခဲ့ကြပါတယ်။ စီးပွားရေး စီမံချက် ရေးဆွဲပြီးရင်ကို တော်တော်ပြည့်စုံသွားပြီ၊ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်လို့ရပြီလို့ တရားသေ ထင်မှတ်ထားခဲ့ကြပါတယ်။

စီးပွားရေးစီမံချက်က လုပ်ငန်းရဲ့အသက်၊ ဒီစီမံချက်မရှိရင် ဘာမှလုပ်လို့မရဘူး။

ဒီစီမံချက်ကသာလျှင် လုပ်ငန်းကို မောင်းနှင်မယ့် အင်အား စွမ်းပကားဖြစ်တယ်၊ ဒီလို သမိုင်းတကွေ့ရဲ့ မှတ်သားခဲ့စရာ ထင်ရှား မှန်ကန်ကောင်းမွန်တဲ့ ယူဆချက် (Leading Factor to Business Development) တစ်ခု ဖြစ်ခဲ့ပါတယ်။

သမိုင်းတကွေ့ရဲ့ မှတ်သားခဲ့စရာ ထင်ရှားတဲ့ ကြောင်းကျိုးညွှန်းဆိုချက် (Conceptual Framework) တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီလိုပါပဲ .. ဥပဒေအတိုင်ပင်ခံ လုပ်ငန်းတွေကလည်း စီးပွားရေးလုပ်ငန်းကြီး၊ လုပ်ငန်း လတ်၊ လုပ်ငန်းသေးတွေအားလုံးအတွက် လိုအပ်တဲ့ စီးပွားရေး စီမံချက်တွေ ရေးဆွဲပေးလေ့ရှိကြပြီး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေ ရေးဆွဲပေးပါတယ်။ လုပ်ငန်းတစ်ခုရဲ့ လက်ရှိကာလမှာ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အကျိုးအပြစ်တွေကို ဆန်းစစ်ကြပါတယ်။

ခုတော့ အရွေ့ (Shift) တစ်ခု ပေါ်ထွန်းလာပြီလို့ပဲ ပြောပါရစေတော့ဗျာ။ လုပ်ငန်းတစ်ခုက ဘာတွေလုပ်မယ်၊ ဘာတွေ ဆောင်ရွက်မယ်၊ ဘယ်လို ဖွဲ့စည်းမယ်၊ တစ်နှစ်အတွင်း ဆောင်ရွက်နေချိန်မှာ ဘယ်လောက် စသဖြင့် ရေးဆွဲတဲ့ စီးပွားရေး စီမံချက် ( Business Plan ) တွေနဲ့တင် မလုံလောက်တော့ပဲ လုပ်ငန်းစတင်ချိန်မှာ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေချိန်မှာ မိမိလုပ်ငန်းရဲ့ အကျိုးတရား ကာကွယ်ရေးကို အလေးမူတဲ့၊ ဦးစားပေး ဆောင်ရွက်ရတဲ့၊ အကျိုးတရား ကာကွယ်ရေးမူဝါဒဘက်ကို ရွှေ့ပြောင်းရောက်ရှိလာတာကို တွေ့ရှိနေရပြီ ဖြစ်ပါတယ်။

စီးပွားရေးစီမံချက် (Business Plan) တွေအစား စီးပွားရေး ဥပဒေစီမံချက် (Business Legal Plan) တွေ ရေးဆွဲလာခဲ့ကြပါပြီ။ တရားဝင်ခိုင်မာရေးပထမ၊ ဥစ္စာဓန ဒုတိယလို့ အဓိပ္ပာယ်ဖွင့်ရင် နီးစပ်မယ်ထင်ပါတယ်။ ဥပဒေ လမ်းကြောင်းအရ ခိုင်မာအောင် အရင်လုပ်မယ်၊ ပြီးမှ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ အကျိုးစီးပွားရှာတော့မယ်ပေါ့။

ဆိုလိုတာက စီးပွားရေးစီမံချက်တွေ မရေးတော့ဘူး။ စီးပွားရေးစီမံချက်တွေနဲ့တင် မလုံ လောက်တော့ဘူး။ သူ့နေရာမှာ ပိုမိုထိရောက်တဲ့၊ ပိုမိုတွင်ကျယ်တဲ့၊ ကိုယ့်လုပ်ငန်းရဲ့ အကျိုးစီးပွားကို ပိုမို လုံခြုံခိုင်မာမှုကို ရှေးရှုနိုင်တဲ့ စီးပွားရေး ဥပဒေစီမံချက်များ ဖန်တီးရေးဆွဲခြင်းက အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

“ဟေ့--နောက်ဆုတ်ကြစမ်း၊ လာရှုပ်မယ်၊ လာအုပ်မယ်တော့ မစဉ်းစားနဲ့၊ ဒီမှာ ငါ့ပိုင်ဆိုင်မှု၊ ငါ့အထောက်အထား၊ ငါ့ခိုင်မာမှု၊ ငါ့သေချာမှု၊ ငါလုပ်ငန်း”

ဒီစီးပွားရေး ဥပဒေ စီမံချက်အရ ဒီလိုပြောနိုင်၊ ရပ်တည်နိုင်ပါလိမ့်မယ်။
ဒီစီးပွားရေး ဥပဒေ စီမံချက်ရေးဆွဲခြင်းက တစ်ဦးတစ်ယောက်ခြင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေကိုဖြစ်စေ၊ အစုအဖွဲ့အလိုက် ဆောင်ရွက်တဲ့ လုပ်ငန်းများကိုဖြစ်စေ၊ အားလုံးကိုအကျိုး ပြုမှာလည်း ဖြစ်ပါတယ်။

မြောက်အမေရိကတလွှား၊ ဥရောပတခွင်၊ အာရှမှာတော့ စင်္ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့ စသဖြင့် နိုင်ငံပေါင်းများစွာက ဒီအရွေ့အပြောင်းကို အကောင်အထည်ဖေါ်ခဲ့ကြတာ နှစ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။

ဒီဥပဒေစီမံချက်မှာ အဓိက လုပ်ဆောင်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေမှာ ဆောင်ရမယ့်၊ ရှောင်ရမယ့် ဥပဒေ လိုအပ်ချက်တွေကို ဖြည့်တင်းတာ၊ ဥပဒေကွက်လပ်ကို ဖြည့်ဆီးတာ၊ ကိုယ့်လုပ်ငန်းပေါ်မှာ ဥပဒေတံတိုင်းတစ်ခု တပ်ဆင်ကာရန်တာလို့ အကြမ်းဖျင်း နားလည်နိုင်ပါ တယ်။ လွယ်လွယ်တော့ မမှတ်သားစေချင်ပါ။ ဒီဥပဒေစီမံချက်မှာ မိမိအကောင်အထည်ဖေါ် လုပ်ဆောင်နေတဲ့လုပ်ငန်းနဲ့ ကိုက်ညီသင့်တော်တဲ့ ဥပဒေတွေနဲ့ ကျိုးကြောင်းဆီလျှော်တဲ့ လုပ်ဆောင်ချက်များစွာ၊ လုပ်ငန်းစဉ် အဆင့်များစွာ ပူးပေါင်း ပါဝင်နေမှာဖြစ်ပါတယ်။

ကောင်းကျိုးများစွာကို လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေ ခံစားရရှိနိုင်ကြပါလိမ့်မယ်။
စီးပွားရေးစီမံချက် (Business Plan) မဟုတ်ဘဲ စီးပွားရေး ဥပဒေစီမံချက် (Business Legal Plan) ရေးဆွဲခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေက အောက်ပါ အကျိုးကျေးဇူးတွေကို မျက်မြင်ဒိဌ ရရှိကြပါလိမ့်မယ်။ အချက်အလက်အားလုံးကို မဟုတ်ပေမယ့် ယေဘုယျအား ဖြင့် ဖေါ်ပြလိုက်ရပါတယ်။

(၁) မိမိလုပ်ငန်းကို အာဏာပိုင်တွေရဲ့ မလိုအပ်တဲ့ နှောင့်ယှက်မှုတွေကနေ ကာကွယ်နိုင်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ “မင်းမျိုးအန္တရာယ်” ပေါ့ဗျာ။ ကိုယ်လုပ်ရမယ့် လုပ်ငန်းဝန်တာတွေမှာ ဥပဒေအရ ညီညွတ်အောင် ဆောင်ရွက်ထားတဲ့အတွက် “လုပ်ငန်းအစီအစဉ် အသာစီးရအောင်” ဆောင်ရွက်ခြင်းလို့ ဆိုနိုင်ပါလိမ့်မယ်။

(၂) နောက်တစ်ချက်ကတော့ ရန်သူမျိုးများစွာရဲ့ ပိတ်ပင်မှုတွေကို ကျော်လွှားဖို့ စွမ်းဆောင်နိုင်ပါ လိမ့်မယ်။ လူကြီးမင်းများရဲ့ လုပ်ငန်းများ၏ ခိုင်မာမှုနှင့် တရားဝင် တည်ရှိနေစေခြင်းတို့က လူကြီး မင်းတို့ကို ရဲရဲရင့်ရင့် ပွဲလယ်တင့်နိုင်ပါလိမ့်မယ်။ အန္တရာယ် အသွယ်သွယ်ကနေ ကြိမ်ဖန်များစွာ ကယ်တင်ပါလိမ့်မယ်။

(၃) ဝါးကောက်ကို မြင်နိုင်ပါလိမ့်မယ်။ လူကောက်ကို မမြင်နိုင်ပါလို့ ရှေးဆိုရိုး ရှိခဲ့သလိုပါပဲ။ မိမိလုပ်ငန်းကို ရည်ရွယ်ချက်အမျိုးနဲ့ ဟန့်တားကြမယ့်သူတွေ၊ ကိုယ်ကို ဈေးကွက်ထဲကထွက် သွားအောင် ထိုးချမယ့် ယှဉ်ပြိုင်ဘက် လုပ်ငန်းတူတွေ၊ မရိုးဖြောင့်တဲ့ နည်းလမ်းတွေသုံးပြီး ကိုယ့်ကို ပြိုလဲစေချင်သူတွေ၊ မဖွံ့ဖြိုးစေလိုသူတွေကို တွေ့ကြုံရနိုင်ပါတယ်။

မမြင်နိုင်တဲ့ရန်သူဆိုတာ ကြောက်စရာ အကောင်းဆုံးလို့လဲ ဆိုကြပါတယ်။ နောက်ကျောကို ဓါးနဲ့ ထိုးသွားနိုင်တဲ့ မိတ်ဆွေတုတွေလဲ ရှိနေနိုင်ပြန်ပါသေးတယ်။ အဲဒီအတွက် ရန်သူ မိတ်ဆွေ ခွဲခြားဖို့ အင်မတန်ခက်ခဲလာတဲ့ (၂၁) ရာစုရဲ့ သတင်းနဲ့ နည်းပညာခေတ်ကြီးထဲမှာ စနစ်ကျသော ဥပဒေ အကာအကွယ်တွေနဲ့ နေထိုင်ရှင်သန် လုပ်ကိုင်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

မိမိတို့လုပ်ငန်းကို မိမိတို့တတ်နိုင်တဲ့ ငွေကြေး အရင်းအနှီးနဲ့ ထူထောင်လုပ်ကိုင်တဲ့အခါ လူကြီးမင်းတို့ကလည်း လူကြီးမင်းတို့ရဲ့ မတည်ရင်းနှီးငွေကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆုံးရှုံး ပျက်စီး ပျောက်ပျက်သွားလိုစိတ် ရှိကြမည် မဟုတ်ပါ။ ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးသော ကုထုံးတစ်ရပ် ဖြစ်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို သိသိချည်းနဲ့ မကာကွယ်နိုင်ရင်တော့ လူကြီးမင်းရဲ့ အားနည်းချက်တစ်ရပ်သာလျှင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါလိမ့်မယ်။

မိမိတို့ ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းက စီမံလုပ်ပေးခဲ့တဲ့ Legal Plan for Business တွေကို အခြေခံပြီး လုုပ်ငန်းများ စတင်ထူထောင်ချိန်နှင့် လည်ပတ်မှုဖြစ်စဉ်တွင် ဘာကြောင့် ဥပဒေစီမံချက် လိုအပ်သလဲ ဆိုသော အပိုင်း (၂) နှင့် အပိုင်း (၃) ကို ဆက်လက် ဖေါ်ပြပါမည်။

လေးစားစွာဖြင့်
ဖိုးဖြူ