No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

မြန်မာ့ စီးပွားရေး စစ်တမ်း - ၂၀၁၇

မြန်မာ့ စီးပွားရေး စစ်တမ်း - ၂၀၁၇
22 Aug

မြန်မာ့ စီးပွားရေး စစ်တမ်း - ၂၀၁၇

မြန်မာနိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟချက်တွေက တနေ့တခြား ပိုပိုပြီးကျယ်ပြန့်လာနေပါတယ်။ စီးပွားရေး နိမ့်ကျမှုတွေကို အခြေခံတဲ့ စာရိတ္တ နိမ့်ပါးမှုတွေ၊ ပညာရေး ခေါင်းပါးမှုတွေနဲ့ ကျန်းမာရေး ချို့တဲ့မှုတွေက နိုင်ငံရဲ့ ရေရှည် အကျိုးစီးပွား ဖြစ်တည်မှုတွေကို မလွဲမသွေ ထိခိုက်လာပါလိမ့်မယ်။

အဆိုးကျော့သံသရာလည်ခြင်း (Vicious Cycle) ပေါ့ဗျာ။ ဆင်းရဲတယ်။ ဆင်းရဲလို့ ပညာရေးကောင်းကောင်းမရဘူး။ ပညာရေးနိမ့်ပါးလို့ အလုပ်အကိုင် ပါးရှားတယ်။ ဒီအပေါ်မှာ အလုပ်အကိုင် ရွေးချယ်စရာ မရှိဘူး။ ရရာ အလုပ်တွေ ဝင်လုပ်ရတယ်။ တစ်ဦးချင်းအနေနဲ့ဆို ဘဝရဲ့ ရပ်တည်ချက်အတွက် အရည်အသွေး တည်ဆောက်နိုင်မှု (Skill and Capacity Building) ကျဆင်းသွားတယ်။ တစ်လုပ် မကောင်း၊ တစ်လုပ် ပြောင်းရင်း ဘယ်အလုပ်မှာမှ ကျွမ်းကျင်အဆင့်ကို ရောက်မလာနိုင်ခဲ့ဘူး။ ဆိုလိုချင်တာ ထူးချွန်သူ၊ ထူးချွန်အဆင့်နဲ့ ဘဝမှာ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

နိုင်ငံအတွက် ရှုထောင့်တစ်မျိုးကနေ ကြည့်ကြည့်ရအောင်။ နိုင်ငံအတွက်တော့ အလုပ်သမား ဈေးကွက်ကြီး (Labor Market) တစ်ခုလုံး ပျက်စီး ယိုယွင်းသွားတာပါပဲ။ အရည်အသွေး ပြည့်မှီတဲ့ လုပ်သား အင်အားစုတွေကို မွေးထုတ်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဟုတ်ပါ့မလား မောင်ရင်ရေလို့ မေးရင်တော့ ၂၆ နှစ်တာ မြန်မာနိုင်ငံရဲ့ ဆိုရှုယ်လစ်ခရီးနဲ့ ၂၄ နှစ်တာ စစ်အစိုးရခေတ်ကိုသာ ကြည့်ကြပါတော့ မောင်ရေလို့ပဲ ပြောချင်သား။ ရှည်ရှည်ဝေးဝေးလဲ အဓိပ္ပါယ် ဖွင့်မနေချင်တော့ပါဘူး။ နိုင်ငံရဲ့ ဘောဂဗေဒ အဆောက်အဦးကြီးတခုလုံး ပြိုကျသွားခဲ့ရတဲ့ ဖြစ်စဉ် အကြောင်းတရားပေါင်း များစွာထဲက တစ်ချက်ပေါ့ဗျာ။ ထားပါတော့ဗျာ။ အလုပ်အကိုင်တွေ မကောင်းတဲ့အတွက် အချက်နှစ်ချက် ပေါ်ထွန်းလာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းမှတဆင့် ဖြစ်ပေါ်လာ သော အလုပ်လက်မဲ့များ ထွက်ပေါ်လာခြင်း (Unemployment) နဲ့ တစ်ဦးချင်းဝင်ငွေ (GDP per Capita) နိမ့်ပါးခြင်း ဆိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။

သိပ်အရေးကြီးပါတယ်။ နှစ်ခုလုံးက နိုင်ငံရဲ့ ဘောဂဗေဒ အဆောက်အအုံကြီးကို ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင်၊ အရွှေ့အပြောင်းတွေ ဖြစ်လာအောင် ဖန်တီးမှာ ဖြစ်ပါတယ်။

အလုပ်အကိုင်မဲ့တွေ များစွာ ပေါ်ထွန်းလာရကတဆင့် တွဲဖက်ပါလာတာကတော့ ငွေကြေး ဖေါင်းပွခြင်း (Inflation) သို့မဟုတ် ငွေကျုံခြင်း (Deflation) ဖြစ်ပါတယ်။ များသောအားဖြင့် ငွေဖေါင်းပွခြင်းကို ကြုံတွေ့ရမှာပါ။ ကုန်ဈေးနှုန်း ကြီးမြင့်လာစေခြင်းကို မောင်းနှင်တဲ့ အဓိကတွန်းအား (Push Factor) တစ်ခုလည်း ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းဆိုတာ ချချင်တိုင်းချလို့ မရပါဘူး။ မင်းဒီဈေးနဲ့ပဲ ရောင်းလို့ ပြောလို့မရပါဘူး။ အဲဒီလိုပြောရင် ဗဟိုစီမံကိန်းချ စီးပွားရေးစနစ် (Central Planning System) ဖြစ်သွားမှာပေါ့။ ကွန်မြူနစ်နိုင်ငံ ဖြစ်သွားမှာပေါ့။ ကုန်ဈေးနှုန်း ကျဆင်းဖို့ဆိုတာ အကြမ်း ဖျင်းအားဖြင့် အဲဒီအချက်တွေကို ချိန်ညှိရတာဖြစ်ပါတယ်။ နောက်တပိုင်းက တစ်ဦးချင်း ဝင်ငွေနိမ့်ပါး ခြင်းဖြစ်ပါတယ်။ တစ်ဦးတည်းဝင်ငွေ နိမ့်ပါးခြင်းလို့ မမြင်နဲ့နော်။ စုစုပေါင်း (Aggregated) ရင် တစ်နိုင်ငံလုံး ဖြစ်သွားမယ်။ နိုင်ငံလုံးချီ ဖြစ်စဉ်လို့ ရှုမြင်ရပါလိမ့်မယ်။

တိုင်းပြည် ဝင်ငွေ နိမ့်ပါးခြင်းပေါ့ဗျာ။

ပြောချင်တာက အဆိုးကျော့သံသရာ လည်တာကို ပြောချင်တာပါ။ ဝင်ငွေနိမ့်တော့ စုဆောင်းမှုတွေ မပြုနိုင်။ စုဆောင်းမှု မရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်။ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု တွေ မလုပ်နိုင်တော့တဲ့အတွက် သူများအလုပ်တွေမှာပဲ နစ်မြှုပ်သွား။ ပိုကောင်းမယ်ထင်ရတဲ့ အလုပ်တွေကို အကူးအပြောင်းတွေလုပ်၊ နယ်ပယ် မတူတဲ့အလုပ်တွေကို အကူးအပြောင်းတွေ လုပ်ရတာဖြစ်လို့ ကျွမ်းကျင်မှု အရည်အသွေးတွေ နိမ့်ကျလာ။ စဉ်ဆက်မပြတ် လေ့လာမှု (Continuous Learning) တွေ မလုပ်နိုင်။ မလုပ်နိုင်တော့ ခေတ်ကို မျက်ခြေပြတ်။ ခေတ်ကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေကနေ နောက်ကျ ကျန်နေရစ်ခဲ့။ ဘဝရဲ့ လက်တွဲဖေါ်မှာလည်း ကိုုယ်နဲ့တူ၊ ကိုယ့်လိုလူကိုသာ ရကြတော့တာပါပဲ။ နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်တာ ဖြစ်ပါတယ်။

ဘုရင်သားနဲ့ ကောက်စိုက်သမညားတဲ့ ဇာတ်လမ်းဆိုတာ ဗွီဒီယိုထဲမှာသာ ကြည့်ပါဗျာ။ ဒီလိုနဲ့ မွဲမွဲတေတေ၊ စုပ်စုပ်ပြတ်ပြတ် မျိုးဆက်တွေ ထပ်မွေးဖွားလာကြ။ ရုန်းကြပေတော့။ တာလွှတ်တဲ့ အချိန်ထဲက နောက်ကျနေတဲ့ မျိုးဆက်တွေ။ နိုင်ငံတွေမှာလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာပဲမလား။ နိုင်ငံသေးတွေ လူရာသွင်းခံရဖို့ အဆိုးကျော့သံသရာက ရုန်းထွက်နိုင်ကြဖို့ လိုပါတယ်။

ဒီအဆိုးကျော့သံသရာက လူသားတစ်ဦးချင်း (Individual) မှာ ဖြစ်ပေါ်သလို နိုင်ငံလုံးချီ (Nationwide) အရွေ့တွေမှာလည်း ဖြစ်ပေါ်ပါတယ်။ မိသားစုများစွာမှာ ကြုံတွေ့နေရနိုင်ပါတယ်။ တချို့ဆို ရာဇဝတ်မှုခင်းတွေ ကျုးလွန်ကြတဲ့အထိ ဖြစ်ပေါ်ပါတယ်။ နိုင်ငံမှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေ မလုပ်နိုင်တဲ့အခါ သဘာ၀ သယံဇာတတွေကို ထုတ်ရောင်းတော့တာပါပဲ။

ဒီလိုနိုင်ငံမျိုးတွေမှာ အိမ်ခြံမြေဈေးတွေ ကောင်းလေ့ရှိပြီး အာဏာပိုင် လက်တစ်ဆုပ်ရဲ့ မြေသိမ်း၊ ယာသိမ်းအမှုတွေကို ကြုံရလေ့ရှိတယ်လို့ သီအိုရီတွေက ဖွင့်ဆိုပါတယ်။ ဒီလိုနဲ့ နိုင်ငံကမွဲပြာ ကျလာတာပေါ့ဗျာ။ ရှေးခေတ် အစိုးရအဆက်ဆက်မှာ တွေ့နိုင်ပါတယ်။ ဖွံ့ဖြိုးမှု ဘောဂဗေဒရဲ့ ဒုတိယ အဆင့် (Secondary Sector) ဖြစ်တဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ၊ တတိယအဆင့် (Tertiary Sector) ဖြစ်တဲ့ ဝန်ဆောင်လုပ်ငန်းတွေကို နိုင်ငံမှာ ပေါ်ထွန်းလာအောင် မလုပ်နိုင်တဲ့ အစိုးရတွေက ဒီလိုပဲ နိုင်ငံပိုင် သယံဇာတတွေကို ရောင်းစားကြတာပါပဲ။ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ အလုပ်အကိုင်မဲ့ မိသားစုဝင်တစ်ဦးက ငွေလိုချင်တာသက်သက်နဲ့ မိသားစုပိုင်ပစ္စည်းတွေ ခိုးရောင်း နေတာနဲ့ ဆင်ပါတယ်။

မြန်မာနိုင်ငံက အဆိုးကျော့ သံသရာ လည်နေပါတယ်။ အဆိုးကျော့ သံသရာလည်နေတဲ့ နိုင်ငံထဲက ပြည်သူပြည်သားတွေလဲ အဆိုးကျော့သံသရာ လည်နေပါတယ်ဗျာ။

မြန်မာ့ စီးပွားရေးစစ်တမ်း ဆိုတာ ဒါကို ချပြချင်တာပါ။ ၂၀၁၇ အောက်တိုဘာလမှာ ကမ္ဘာဘဏ်က ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေကို ကိုးကားပြီးတင်ပြပါမယ်။

• မြန်မာ့မက္ခရိုဘောဂဗေဒ အဆောက်အဦးက တည်ငြိမ်နေသော်လည်းပဲ စီးပွားရေး တိုးတက်မှုနှုန်းက ပြီးခဲ့သည်နှစ်တွင် ရှိခဲ့သည် ၇% ထက်ကျဆင်းခဲ့ပြီး ၅.၉ တွင် ရပ်တည်နေပါသည်။
• နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သော်လည်း ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများ သိသိသာသာ ကျဆင်းနေပါသည်။
• ကုန်ထုတ်လုပ်မှုများ ကျဆင်းနေပြီး စက်မှု ထွက်ကုန်များ ထုတ်လုပ်နိုင်မှု မရှိသလောက် ဖြစ်နေပါသည်။ အများပြည်သူ၏ ရင်းနှီးမြှုပ်နှံများလည်း ကျဆင်းနေပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ နှေးကွေး ရပ်တံ့နေပါသည်။
• သို့သော် ပုဂ္ဂလိက စားသုံးမှုမှာ တိုင်းပြည်ဝင်ငွေ၏ ၅၀%နီးပါး ရှိနေပါသည်။ မြို့ပြများတွင် တီဗွီ၊ မိုဘိုင်းလ်ဖုန်း၊ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလျှက်ရှိနေပါသည်။
• ၂၀၁၆-၁၇ တွင် ငွေကြေးဖေါင်းပွမှုနှုန်း ၆.၈% ရှိနေပါ၏။
• စွမ်းအင်ကဏ္ဍဆိုင်ရာ ဈေးနှုန်းများ တက်လာနေပါ၏။

ကဲ .. အရပ်ကတို့ရေ မြင်တဲ့အတိုင်း၊ ကြားတဲ့အတိုင်းပါပဲဗျာ။ မြန်မာ့ဘောဂဗေဒ အဆောက်အအုံကြီး တည်ငြိမ် ဖွံဖြိုးနိုင်ပါစေကြောင်း၊ အဆိုးကျော့သံသရာ စက်ဝိုင်းထဲမှ ရုန်းထွက်နိုင်စေကြောင်း ရည်စူး ရေးသားအပ်ပါသည်။