No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

စီးပွားယှဉ်ပြိုင်ခြင်း ဆိုတာ ဘာလဲ၊ ဘယ်လဲ?

စီးပွားယှဉ်ပြိုင်ခြင်း ဆိုတာ ဘာလဲ၊ ဘယ်လဲ?
25 Aug

စီးပွားယှဉ်ပြိုင်ခြင်း ဆိုတာ ဘာလဲ၊ ဘယ်လဲ?

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်မှုဆိုတာ အဲ့ဒီနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာမူတည်နေတာ အားလုံးအသိပါပဲ။ စီးပွားရေးဆိုတာကလည်း ပိုင်ဆိုင်မှုသိပ်ပြင်းထန်လွန်းတဲ့နယ်မြေတစ်ခုမို့ ဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ရမှာ အသေချာပါပဲ။

တကယ်လို့ လုပ်ငန်းတွေအနေနဲ့ အချင်းချင်းပြိုင်ဆိုင်မှုမရှိရင် တိုးတက်မှုဆိုတာဖြစ်လာမှာမဟုတ်သလို နိုင်ငံစီးပွားရေးလည်းသူ့အလိုလိုကျဆင်းသွားမှာပါ။ ဒီလိုဖြစ်လာရင်တော့ စားသုံးသူတွေဘက်မှာလည်း ရရင့်ရထိုက်တဲ့ အခွင့်အရေးတွေမရတော့ပဲ၊ စားသုံးသူ အကာအကွယ်ပေးကိုလည်း ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဈးကွက်ယှဉ်ပြိုင်မှုကို ပျက်စီးစေတဲ့၊ အတားအဆီးတွေကို ထိန်းချုပ်ထားနိုင်တဲ့ ဥပဒေကလည်း လိုအပ်လာပါတယ်။

ယှဉ်ပြိုင်မှု ဥပဒေဆိုတာ စီးပွားရေးလောကမှာရှိတဲ့ ဘယ်သူမဆို မဖြစ်နေမနေ သိသင့်တဲ့ ဥပဒေတစ်ခုလို့ ဆိုရပါလိမ့်မယ်။

ဘာကြောင့် သိထားသင့်တာလဲလို့ မေးလာရင် မိတ်ဆွေတို့အနေနဲ့စီးပွားရေးလုပ်တဲ့အခါ နယ်ပယ်တစ်ခုတည်းမှာပဲ ကိုယ်နဲ့ထုတ်ကုန်တူညီတဲ့ တခြားလုပ်ငန်းတွေနဲ့တစ်ချိန်မဟုတ်တချိန်တော့ ထိပ်တိုက် ကြုံဆုံလာကြရမှာပါ။ ဥပမာ - Pepsi & Coca Cola, Microsoft & Apple ဆိုတဲ့နာမည်ကြီးလုပ်ငန်းတွေတောင်အခုထိအပြိုင်အဆိုင်ရှိကြတုန်းပါပဲ။ ဒီလို သူ့ထက်ငါပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ စိတ်ကြောင့် လူသိများတာလဲ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါလိမ့်မယ်။

အဲ့ဒီလိုနဲ့ ဈေးကွက်တစ်ခုမှာ ကိုယ့်ကုန်ပစ္စည်းနေရာရဖို့၊ ပိုရောင်းကောင်းဖို့ လုပ်ငန်းခြင်းယှဉ်ပြိုင်မှုတွေလုပ်တဲ့အခါမှာ မဟုတ်မမှန်တဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်ပြီး ဈေးကွက်ကိုလက်ဝါးကြီအုပ်ဖို့ကြိုးစားခဲ့ကြတဲ့ လုပ်ငန်းတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလို ယှဉ်ပြိုင်မှုတွေအတွက် လုပ်ငန်းတစ်ခုနဲ့တစ်ခု လွတ်လွတ်လပ်လပ် တရားမျှတစွာ ယှဉ်ပြိုင်နိုင်မှုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ သေသေချာချာသတ်မှတ်ထားတဲ့ ဥပဒေတစ်ရပ်လို့ပြောရပါမယ်။ ရှင်းရှင်းပြောရရင်တော့ စားသုံးသူတွေ၊ ဝန်ဆောင်မှု ရယူသူတွေ၊ တခြား လုပ်ငန်းရှင်တွေကို ထိခိုက်စေမယ့် စီးပွားရေး ဈေးကွက် လက်ဝါးကြီးအုပ်ခြင်းကနေ ကာကွယ်ပေးတဲ့ သတ်မှတ်ချက်တစ်ခုပါ။

ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်မှုဆိုတာ နိုင်ငံအတွက်လည်း အကျိုးဖြစ်စေတဲ့အပြင်၊ ငွေကြေးဖောင်းပွမှုနဲ့လည်း ဆက်စပ်နေပါတယ်။

နောက်ပြီး ယှဉ်ပြိုင်မှုဆိုတာ သူ့ထက်ငါ ပိုကောင်းအောင်လုပ်ဆောင်ရတာမို့လို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုရင် အရည်အသွေးပိုကောင်းအောင်၊ ဝန်ဆောင်မှုလုပ်ငန်းဆိုရင်လည်း Customer ကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေတွေ လုပ်ဆောင်ပေးရတာကြောင့် ပိုတိုးတက်လာနိုင်တယ်လို့ပြောရလိမ့်မယ်။

ယှဉ်ပြိုင်ခြင်းဥပဒေဆိုတာ အရေးယူဖို့သက်သက်မဟုတ်ပဲ၊ သူရဲ့အဓိကလုပ်ဆောင်ချက်က ဈေးကွက် စီးပွားရေး ယှဉ်ပြိုင်မှုကို အားပေးခြင်းနဲ့ ကာကွယ် စောက်ရှောက်ပေးတာတွေပါပဲ။ ဆိုတော့ စီးပွားရေးနယ်ပယ်က အရင်းအမြစ်တွေအားလုံး လုပ်ငန်းရှင်တိုင်းခွဲဝေအသုံးပြုနိုင်လာမယ်။ ဒီနယ်မြေမှာ ငါနဲ့ဘယ်သူကလွဲပြီး တခြားသူတွေ ဈေးရောင်းခွင့်မရှိဘူးဆိုတဲ့ ဝါဒတွေကနေ ကာကွယ်ပေးတယ်ပေါ့။

အထူးသဖြင့် အသေးစားနဲ့အလတ်အစားလုပ်ငန်း၊ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ကာကွယ်ပေးရာ ရောက်တာပါပဲ။ စသဖြင့် တရားမျှတစွာ ယှဉ်ပြိုင်စေတာကြောင့် စီးပွားရေးအရမှန်ကန်တဲ့ ရပိုင်ခွင့် အကျိုးကျေးဇူးတွေ ရရှိစေသလို၊ စားသုံးသူတွေအတွက်လည်း ကောင်းကျိုးတွေ ပိုဖြစ်လာစေပါတယ်။

ယှဉ်ပြိုင်ခြင်းရဲ့သဘောသဘာဝနဲ့အညီ အရည်အသွေးတွေပိုမိုကောင်းမွန်ပြီး ဈေးနှုန်းလည်းပိုသက်သာလာမယ်၊ စားသုံးသူနဲ့ ကုန်ထုတ်လုပ်သူ/ဝန်ဆောင်မှုပေးသူကြားမှာရှိတဲ့ မညီမျှမှုတွေကို ပြန်လည်ပြုပြင်မယ်ဆိုရင် ဈေးနှုန်းသက်သာပြီး စားသုံးသူချောင်ချိရေးကို ဦးစားပေးမှဖြစ်မှာပါ။ ဒီလိုမျိုး စားသုံးသူနဲ့ ထုတ်လုပ်သူကြား မညီမျှမှု ဖြစ်တယ်ဆိုတာ သတင်းအချက်အလက် ရရှိမှုကွာဟခြင်း၊ ထုတ်လုပ်သူနှင့် ညှိနှိုင်းမှု အခြေအနေမဲ့လာခြင်း၊ ရောင်းဝယ်ဖောက်ကားစရိတ် မြင့်မားခြင်းစတဲ့ ဈေးကွက်ပျက်စီးမှုကိုဖြစ်ပေါ်စေမယ့် အချက်လေးကိုအခြေခံပြီး ပေါ်ထွက်လာတာပါ။ ဒါကြောင့် ယှဉ်ပြိုင်ခြင်းဥပဒေဆိုတာ အဲ့ဒီလိုဈေးကွက်ပျက်စီးမှုကို ဖြေရှင်းဖို့ စားသုံးသူ ကာကွယ်ပေးရေး မူဝါဒရေးဆွဲတဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒီလို လွတ်လပ်မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှု ပေါ်ပေါက်လာအောင် ကြိုးစားနေတာ မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲ အာစီယံနိုင်ငံတိုင်းလိုလို ကိုယ့်နိုင်ငံအလိုက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဆောင်ရွက်နေကြတာပါ။ ဒီစီးပွားရေးယှဉ်ပြိုင်မှုတွေထဲမှာမှ အနီးစပ်ဆုံးလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ကို ချပြရရင် အမေရိကန်နှင့်တရုတ် ကုန်သွယ်မှုစစ်ပွဲကိုချပြရမှာပါ။

Trade War American & China Trade War

နှစ်နိုင်ငံလုံးက စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အပြင် နှစ်နိုင်ငံ စီးပွားရေး ယှဉ်ပြိုင်မှုတွေကလည်း ကာလတစ်ခု ရှည်ကြာခဲ့ပါပြီ။ အဲ့ဒီနှစ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်နေကြရတဲ့ မြန်မာနိုင်ငံအပါအဝင် ကြားနိုင်ငံတွေအပေါ်မှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့တာ ထောက်ပြရရင် မြန်မာငွေနဲ့ ဒေါ်လာဈေးက သက်သေပါပဲ။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ငွေကြေး စံချိန်စံနှုန်း ကျဆင်းလာတာတွေ၊ ပို့ကုန်သွင်းကုန် ရပ်ဆိုင်းလိုက်ရတာတွေ၊ ကုန်ဈေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာတွေ စသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေကတော့ သိပ်အထိမနာပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အလူးလူးအလဲလဲ ခံနေရတာပါ။

နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ကို မယှဉ်နိုင်တာ ပေါ်လွင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်က တရုတ်နိုင်ငံရဲ့ သွင်းကုန် ဒေါ်လာ ၅၀ဘီလီယံဖိုးကို အခွန်မြှင့် ကောက်လိုက်တော့ တရုတ်ကလည်း ခေါင်းငုံ့မခံပဲ အမေရိကန်ရဲ့သွင်းကုန် ဒေါ်လာ ၅၀ဘီလီယံဖိုးကို အခွန်မြှင့်ကောက်ခဲ့တယ်။ နောက်တခါမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခွန်ကို ၁၀၀ဘီလီယံဖိုး မြှင့်ကောက်ပြီး ဒါကိုတရုတ်ဘက်က ထပ်ပြီး လက်တုန့်ပြန်ရင် ၂၀၀ဘီလီယံ ထပ်မြှင့်မယ်ဆိုပြီး ကြေညာလိုက်ပါတယ်။

အဲ့ဒီတော့မှ တရုတ်အနေနဲ့ အမေရိကန်ကို အခွန်မတိုးတော့ပဲ သူ့နိုင်ငံထဲက လုပ်ငန်းတွေ ရပ်ဆိုင်းမသွားရအောင် ချေးငွေတွေထုတ်ပေးပြီး ရုန်းကန်ရတော့တာပဲ။ ယှဉ်ပြိုင်မှု မကျော်လွန်နိုင်တဲ့ ဆိုးကျိုးတွေကတော့ တရုတ်နိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ ယွမ်တန်ဖိုးက ကျဆင်းလာပြီး ဒေါ်လာက ဈေးပိုတက်လာပါပဲ။ နောက်တစ်ခုကတော့ သူတို့ နှစ်ဦးနှစ်ဖက်တိုက်ပွဲက ကမ္ဘာပေါ်မှာရှိတဲ့ ရင်းနှီးမြုပ်နှံသူ အများစုကို ဘယ်သူ့ဖက်မှာနေမလဲဆိုပြီး ခေါ်ယူလိုက်သလိုပါပဲ။ တကယ်တော့ ဘယ်သူ့ဖက်မှာနေနေ ကမ္ဘာပေါ်က ထုတ်ကုန်အများစုက အမေရိကန်ကို ဖြတ်သန်းစီးဆင်းနေရမှာပါပဲ။ ဘာကြောင့်လဲဆိုရင် အမေရိကန်က နိုင်ငံတော်တော်များများရဲ့ကုန်ပစ္စည်းတွေကို Quota System နဲ့ ဘယ်နိုင်ငံရဲ့ ဘယ်ထုတ်ကုန်ဟာ ဘယ်လောက်အရေအထွက်ထိ တင်ပို့ခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားတာကြောင့်ပါပဲ။ အဲ့ထုတ်ကုန်က အရည်အသွေးပြည့်မှသည်ဖြစ်စေ မပြည့်မှသည်ဖြစ်စေ လက်ခံရယူပြီး ဆင်းရဲတဲ့နိုင်ငံတွေကိုပြန်ပေးလှူတာပါ။ ဒါကြောင့်လည်း ထုတ်ကုန်တိုင်း အလိုလိုအမေရိကန်ကို ဦးတည်နေရတာဆိုတော့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်နေတာ သိပ်ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။

ဒီတော့ ရင်းနှီးမြှပ်နှံသူတွေကလည်း ရေရှည်မှာ အခြေခံ အဆောက်အအုံကောင်းတဲ့ အမေရိကန်ဘက်ကိုပဲ ရင်းနှီးမြုပ်နှံကြပြီး လိုရင်လိုသလို တရုတ်ယွမ်ငွေကို အလျော့အတင်းပြုလုပ်တတ်တဲ့ တရုတ်အစိုးရဘက်မှာတော့ ဘယ်ငွေကြေးကစားသူများမှ ရင်းနှီး မမြှုပ်နှံလိုကြပါဘူး။ ဒီအချက်ကပဲ အမေရိကန်နဲ့ တရုတ်တို့ကြားက ရေရှည် စီးပွားရေးယှဉ်ပြိုင်မှုကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တယ်။

ဈေးကွက်ယှဉ်ပြိုင်ခြင်း မူဝါဒဆိုတာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံခြင်း မူဝါဒတွေအတွက် အထောက်အကူ ဖြစ်ရုံလေးတင်မဟုတ်ပါဘူး၊ တခြားမူဝါဒဆိုင်ရာ ဦးတည်ချက်တွေဖြစ်တဲ့ နိုင်ငံအလိုက် ဈေးကွက်များ ပေါင်းစည်းလာခြင်း၊ ဒေသအတွင်း ပေါင်းစည်းမှုကို မြင့်တက်လာစေပြီး အသေးစားလုပ်ငန်းများကိုပါ ကာကွယ်ပေးခြင်း၊ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ စားသုံးသူတွေကို သက်သာချောင်ချိမှု ဖြစ်စေခြင်း စတဲ့ အချက်တွေကို ပိုတိုးတက်လာစေတာပါပဲ။ ဒီလောက်ဆို မိတ်ဆွေတို့လည်း ဈေးကွက် စီးပွားရေးနယ်ပယ်က ယှဉ်ပြိုင်မှုတွေနဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဖတ်ရှုနားလည်လောက်ပြီလို့ ထင်ပါတယ်။

နောက်တခေါက်မှာတော့ ဘယ်လိုစိတ်ဝင်စားစရာ စီးပွားရေး၊ ဥပဒေရေးရာကိစ္စတွေကို ဖော်ပြပေးမလဲဆိုတာ ဆက်လက် စောင့်စားပေးကြပါဦး။

ကျေးဇူးတင်စွာဖြင့်.....

မိတ်ဆွေတို့ရဲ့ စီးပွားဖက်၊ ကျောချင်းကပ် မိတ်ကောင်းဆွေကောင်း

ဖိုးဖြူနှင့်ရောင်းရင်းများ
ဥပဒေအတိုင်ပင်ခံလုပ်ငန်း